သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 အနေနဲ့ စစ်တပ်ကို ပြတ်ပြတ်သားသားအရေးယူဖို့ APHR တောင်းဆို


ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာကျင်းပနေတဲ့ G7 ထိပ်သီးစည်းဝေးပွဲအတွင်း G7 အဖွဲ့ဝင် ခေါင်းဆောင်များကိုတွေ့ရစဉ် (မေ ၁၉၊ ၂၀၂၃)
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာကျင်းပနေတဲ့ G7 ထိပ်သီးစည်းဝေးပွဲအတွင်း G7 အဖွဲ့ဝင် ခေါင်းဆောင်များကိုတွေ့ရစဉ် (မေ ၁၉၊ ၂၀၂၃)

မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က တော်တော်လေးပျက်ကွက်နေတာကြောင့် ဒီအမှားကို ပြင်ဆင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က G7 အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအတွက် အကျိုးဆက်တွေရှိလာအောင်နဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေကို နောက်ထပ် မဆုံးရှုံး မဖျက်စီးခံရအောင် တားဆီးဖို့ အရေးကြီးတဲ့အချိန်ရောက်နေပြီလို့ APHR က G7 ခေါင်းဆောင်တွေကို ဒီနေ့ မေလ ၁၉ ရက်နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အပေါ် G7 နိုင်ငံတွေအနေနဲ့ မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား အရေးယူဖို့နဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကို တကယ်ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ အာဆီယံလွှတ်တော်အမတ်တွေက အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။ အရေးယူမှုတွေထဲမှာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေလုပ်ဖို့၊ လေယာဉ်ဆီရောင်းချမှု ပိတ်ပင်တာပါဝင်တဲ့ လက်နက်တင်ပို့ ရောင်းချမှုအားလုံးကို တားမြစ်ဖို့ မြန်မာနိုင်ငံအခြေအနေကို ICC နိုင်ငံတကာရာဇဝတ် တရားရုံးမှာ ဆုံးဖြတ်နိုင်အောင် တင်သွင်းပေးဖို့ ဒါမှမဟုတ် အထူးခုံရုံးဖွဲ့ စစ်ဆေးပေးဖို့ G7 ခေါင်းဆောင်တွေကို APHR ကတောင်းဆိုပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ကလေးတွေ အပါအဝင် လူပေါင်း ၁၆ဝ ကျော် သေဆုံးရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည် မဖော်သေးတာတွေကို အာဆီယံလွှတ်တော်အမတ်တွေရဲ့ G7 ခေါင်းဆောင်တွေကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ G7 နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံနေကြပြီး G7 မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးကြတဲ့အခါ အာဆီယံနဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ ပဋိပက္ခအခြေအနေကို ထည့်သွင်းဆွေးနွေးမယ်လို့ မိတ်ဖက်တနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ Joko Widodo က ဒီနေ့ ဂျပန်နိုင်ငံကို မထွက်ခွာခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG