သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဝင်ငွေရပ်အောင် ဂျပန်အစိုးရ ဒဏ်ခတ်ဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)

ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်သလိုမျိုး မြန်မာစစ်တပ်ကို အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဂျပန်အစိုးကို တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ဒေသတွင်း ဦးဆောင်တဲ့ အခန်းကဏ္ဍကို သုံးပြီး စစ်ကောင်စီကို ပိုပြီး ထိထိရောက်ရောက် ဖိအားပေး ဆောင်ရွက်ဖို့ ဂျပန်နိုင်ငံခရီးစဉ်အပြီးဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းတောင်းဆိုသွားတာဖြစ်ပါတယ်။

“တခြား G7 စက်မှု ထိပ်သီးနိုင်ငံတွေနဲ့အတူ မြန်မာစစ်တပ် အဓိက ဝင်ငွေရစေမယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ အရေးယူဒဏ်ခတ်ဖို့ ဂျပန်ကို ကျနော် တိုက်တွန်းပါတယ်။ ယူကရိန်း အကျပ်အတည်းမှာ တုံ့ပြန်ခဲ့ကြတဲ့အတိုင်း ဆောင်ရွက်ဖို့ပါ” လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုသွားတာပါ။ မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေလို တန်ဖိုးကြီးတဲ့ စစ်လက်နက်တွေ ဝယ်ယူတာတွေကို ပိတ်ပင်ဟန့်တား အရေးယူပြီး အရပ်သားတွေကို တိုက်ခိုက်နိုင်တဲ့ အင်အား လျော့နည်း သွားအောင်လုပ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်း ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ဂျပန်အစိုးရ အရာရှိတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် Tom Andrews ဟာ ဧပြီလ ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဂျပန်နိုင်ငံကို သွားရောက်ခဲ့တာပါ။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးမှာ ဂျပန်နိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာမို့ ခုလို သွားရောက်ခဲ့တာလို့လည်း အထူးကိုယ်စားလှယ် Andrews က ခရီးစဉ်အပြီး ကြေညာချက် ထုတ်ပြန်ပြောခဲ့ပါတယ်။ မြန်မာစစ်တပ်ကို သင်တန်းပေးတဲ့ ဂျပန်အစိုးရရဲ့ အစီအစဉ်တွေဟာ ဂျပန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့အတွက် ချက်ချင်း ရပ်ဆိုင်းဖို့လည်း အထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ ပဇီကြီးကျေးရွာမှာ အရပ်သား ရာချီ သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထောက်ပြပြီး မြန်မာစစ်တပ်က အရပ်သားတွေကို တိုက်ခိုက်နေတာတွေဟာ ရက်စက်ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေ ဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ပိုပြီး ဆိုးရွားလာနေတာကိုလည်း အထူးကိုယ်စားလှယ် Andrews က ထောက်ပြ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG