သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတချို့ အိန္ဒိယမှာ လျှို့ဝှက်ဆွေးနွေး


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွင်း မြန်မာဘက်က တက်ရောက်သူမရှိ (အောက်တိုဘာ၊ ၂၀၂၂)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွင်း မြန်မာဘက်က တက်ရောက်သူမရှိ (အောက်တိုဘာ၊ ၂၀၂၂)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ကူညီ ဖြေရှင်းနိုင်ရေးနဲ့ အကြမ်းဖက်မှုတွေ လျော့ပါးရေး လျှို့ဝှက်ကြိုးပမ်းမှုတခုအနေနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အစိုးရ အဖွဲ့ဝင်တွေရော၊ တခြား တတ်သိညာရှင်တွေပါ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ မနေ့က ကျင်းပခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။

လျှို့ဝှက်ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပြီး မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့အကြောင်း သတင်းမှာ ဖေါ်ပြပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်း ရေးသားခြင်း မရှိပါဘူး။ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအပါအဝင်၊ ထိုင်း၊ ကမ္ဘောဒီးယား စတဲ့ အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တတ်သိပညာရှင်တွေ တက်ရောက်တဲ့အကြောင်း အမည်မဖော်လိုတဲ့ အစည်းအဝေးမှာ ပါဝင်တက်ရောက်သူ တဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာ စခဲ့တဲ့ Track 1.5 လို့ခေါ်တဲ့ မြန်မာ့အရေး သံတမန်ရေးအရ ကူညီဖို့ ညှိ့နိုင်း ဆွေးနွေးပွဲရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ တိုးတက်မှု တစုံတရာ မရှိခဲ့ဘူးဆိုပြီး လေ့လာသုံးသပ်သူတွေ ဝေဖန်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ NUG ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ကိုလည်း ဖိတ်ကြားဖို့ စိတ်ဝင်စားကြတဲ့အကြောင်း ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်တဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးပွဲနဲ့ပတ်သက်လို့ NUG ရော၊ စစ်ကောင်စီဘက်ကရော၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ အပါအဝင် နယူးဒေလီမှာရှိတဲ့ တရုတ်သံရုံးကပါ တစုံတရာမှတ်ချက်ပေး ပြောဆိုခြင်းမရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။

မနေ့က နယူးဒေလီမှာကျင်းပတဲ့ ဆွေးနွေးပွဲကို အိန္ဒိယ တတ်သိပညာရှင်တွေ ကမကထလုပ် ကျင်းပတာဖြစ်ပါတယ်။ နောက်တကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲကို လာအိုနိုင်ငံမှာ ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG