သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးရေးအတွက်ပေးတဲ့ သင်္ဘောတွေ စစ်ဖက်မှာသုံးတဲ့အပေါ် စစ်ကောင်စီကို ဂျပန်ကန့်ကွက်


၂၀၁၉ ခုနှစ်တုန်းက ဂျပန်က မြန်မာကိုလှူဒါန်းခဲ့တဲ့ ကစ္စပနဒီ - ၃ ရေယာဉ် (ဓာတ်ပုံ-ပြည်တွင်းရေကြောင်းပို့ဆောင်ရေး)
၂၀၁၉ ခုနှစ်တုန်းက ဂျပန်က မြန်မာကိုလှူဒါန်းခဲ့တဲ့ ကစ္စပနဒီ - ၃ ရေယာဉ် (ဓာတ်ပုံ-ပြည်တွင်းရေကြောင်းပို့ဆောင်ရေး)

မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရက ပေးထားတဲ့ အထူး ဖွံဖြိုးရေး အကူအညီ အစီအစဉ် အောက်က ခရီးသည်တင် သင်္ဘောတွေကို စစ်တပ်အတွက် အသုံးပြုနေတယ်ဆိုပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်ကောင်စီကို တရားဝင် ကန့်ကွက်လိုက်ပါတယ်။ ODA ခေါ် ဂျပန်အစိုးရရဲ့ တရားဝင်ဖွံ့ဖြိုးရေး အကူအညီတွေ ပေးတဲ့အချိန်ကတည်းက စစ်ရေးအတွက် အသုံးချတာ မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက် ရှိခဲ့တာမို့ အလားတူ နောက်ထပ် မဖြစ်အောင် အာမခံဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုတာပါ။

မြန်မာနိုင်ငံအတွက် ၂၀၁၇ ခုနှစ်က ဂျပန်နိုင်ငံက ခရီးသည်တင် သင်္ဘောနှစ်စီး ပေးအပ်ခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်မှာ နောက်ထပ် တစီး ထပ်မံ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အလုပ်သမားနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ သွားလာရာမှာ အသုံးပြုဖို့ အဓိက ထောက်ပံ့ခဲ့တာပါ။ အဲဒီအထဲက ခရီးသည်တင် သင်္ဘောနှစ်စီးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ ရခိုင်ပြည်နယ်ကို စစ်သားတွေနဲ့ လက်နက်တွေပို့ရမှာ အသုံးပြုနိုင်တဲ့အကြောင်း ဒေသခံ သတင်းတွေမှာ ရေးသားခဲ့သလို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စစ်တပ်ဘက်က သုံးခဲ့တယ်ဆိုတာကို အတည်ပြုပါတယ်။

ODA အကူအညီ အစီအစဉ် အောက်က ပေးထားတဲ့ အထောက်အပံ့တွေကို နောက်နောင် အလားတူ စစ်တပ်အတွက် သုံးတာမျိုး၊ စည်းကမ်းမချိုးဖောက်ဖို့ မြန်မာဘက်ကလည်း ကတိပေးတားတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုတာကို The Asahi Shimbun သတင်းစာမှာ ရေးပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံကို နောက်ထပ် ODA အထောက်အပံ့ အသစ်တွေ မပေးဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ထားပါတယ်။ လက်ရှိ ပေးနေတဲ့ ODA တရားဝင်ဖွံ့ဖြိုးရေး အကူအညီတွေကိုတော့ ဆက်လက်ပေးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG