သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးက စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့စိုးရိမ်


ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း / February 14, 2022
ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း / February 14, 2022

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတော်တော်များများဟာ လုံခြုံရေးစိုးရိမ်မှုကြောင့် အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ တိုက်ခိုက်မှုတွေနဲ့ မိုင်းအန္တရာယ်တွေ ရှိနေတာကြောင့် နေရပ်မပြန်နိုင်ပဲ လနဲ့ချီ တိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေလည်း ပိုများလာနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို မဆုမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။

မကြာသေးခင်က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာ အနန်းကွင်းကျေးရွာ၊ ငြိမ်းချမ်းမြိုင်၊ ခလယ်-တံခွန်တိုင် စတဲ့ ကျေးရွာက ထောင်နဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ခုချိန်ထိ နေအိမ်မပြန်နိုင်ကြသေးပဲ ဖြစ်နေတာပါ။

ဒီဒေသမှာ မကြာခဏ ပစ်ခတ်မှုတွေ၊ မိုင်းအန္တရာယ်တွေ ရှိနေတာကြောင့် မပြန်ရဲကြတာလို့လည်း စစ်ရှောင်ဒုက္ခသည်တွေကို ကူညီနေသူတဦးက VOA ကို ပြောပါတယ်။

“ကြာအင်းဆိပ်ကြီးမှာဆို ခလယ်-တံခွန်တိုင်တို့ အနန်းကွင်း၊ တောင်စွန်းစခန်း အဲ့တောင်စွန်းရွာတို့ အဲ့မှာရှိတဲ့ စခန်းနဲ့ နီးတဲ့ စစ်ရှောင်တွေဆို မပြန်လာနိုင်သေးဘူး၊ တခုက သူတို့ အဲ့စခန်းအနီးမှာတွေရော ဒီတချို့လူနေအိမ်တွေအထိ မိုင်းထောင်ထားတဲ့အပေါ်မှာ အဲ့ဒီကြောင့်လဲ သူတို့ မပြန်နိုင်သေးတာပါတယ်၊ ဒါပေမယ့် တရွာလုံးအနေအထားတော့ မဟုတ်ဘူး၊ ဥပမာ ရွာတော့ တရွာထဲပဲ တပ်နဲ့ စစ်စခန်းနဲ့ ဝေးတဲ့ အိမ်ကတော့ ကြိုကြားကြိုကြားတော့ ပြန်လာနိုင်တဲ့လူတွေတော့ ရှိတာပေါ့၊ စခန်းအနီးမှာရှိတဲ့ လူနေအိမ်ကတော့ မပြန်လာရဲဘူး၊ ဘာဖြစ်ဆိုတော့ မကြာခဏလည်း တိုက်ပွဲဖြစ်တယ် သူများ ခဏခဏလာပစ်တော့ ဟိုက ရမ်းပစ်ခတ်တဲ့အချိန်မှာ သူတို့နေမရဲဘူးပေါ့။”

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာ စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းပါ အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာခဲ့ကြတဲ့ တောင်စွန်းကျေးရွာမှာ ဆိုရင်လည်း မိုင်းနင်းမိလို့ အရပ်သားတွေနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပြောကြပါတယ်။

ခလယ်- တံခွန်တိုင်ကျေးရွာအုပ်စုက နေရပ်ပြန်သူ တချို့ဟာလည်း စစ်ရေးတင်းမာမှုတွေ ကြုံရတဲ့အခါ ထပ်မံတိမ်းရှောင်ရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြန်လာတာ သိပ်မကြာသေးဘူး၊ သွားသွားလာလာ သွားသွားလာလာပဲ အဲ့လိုမျိုးပဲ၊ တချို့တလေကျတော့ ကြောက်ရတာရှိရင်တော့ တောမှာပြန်ပြေးတာ၊ သေနတ်ကြီးတွေ အသံကြားရင် အဲ့ဒါပဲ ပြေးတာပေါ့။ သေနတ်အလုံးသေးတယ်ဆိုတော့ မပြေးတော့ဘူးလေ အလုံးသေးတယ်ဆိုတော့ ပြေးလု့ိလည်း ဘယ်လိုပြောလဲ မခင်တော့ဘူးပေါ့နော် ကလေးတွေက များတယ်၊ ဆိုင်ကယ်က တစ်စီးပဲ ရှိတယ်ဆိုတော့ ပြေးမလွတ်တော့ဘူး။”

နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေဟာ အချိန်ကြာလတာနဲ့အမျှ အကူအညီ လိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူက ပြောပါတယ်။

“စားသောက်ရေးကတော့ ဘယ်လိုပြောမလဲ ဒီစစ်ရှောင်တွေကူညီတဲ့ အစုအဖွဲ့တွေက သိတဲ့အတိုင်းပဲ တိုက်ပွဲဖြစ်တဲ့ အချိန်တွေမှာမှ သူတို့ကတော့ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာလာပေးတယ်၊ တိုက်ပွဲမဖြစ်တော့ဘူးဆိုရင် အသံမထွက်တော့ဘူးဆိုရင် ဘယ်သူမှ မလာကြတော့ဘူးလေ၊ အဲ့တော့ နောက်ဆက်တွဲက သူတို့နည်းသူတို့ဟန်နဲ့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတာပေါ့။”

စစ်ရှောင်အများစုက နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဥယျာဉ်ခြံ တောတောင်တွေထဲမှာ ယာယီတဲထိုးပြီး ဖြစ်သလို နေထိုင်စားသောက်ရတာကြောင့် ကျန်းမာရေးထိခိုက်လာကြပါတယ်။ သူတို့အတွက် ဆေးဝါး စားနပ်ရိက္ခာ စတဲ့ အကူအညီလိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG