သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNLA တပ်မဟာ (၅) နယ်မြေမှာ မတ်လအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ ၁၉၀ ကျော် ဖြစ်ပွားခဲ့


KNLA + PDF ပူးပေါင်းတပ်ဖွဲ့ ( ဓါတ်ပုံ - KNU )
KNLA + PDF ပူးပေါင်းတပ်ဖွဲ့ ( ဓါတ်ပုံ - KNU )

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒေသအခေါ် မူတြော်ခရိုင် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ထိမ်းချုပ်ရာ နယ်မြေထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ကြားမှာ မတ်လအတွင်း တိုက်ပွဲပေါင်း ၁၉၀ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့် တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၉၀ ကျော် ကျဆုံးခဲ့တယ်လို့ တပ်မဟာ (၅)ဘက်က သတင်း ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး မတ်လ တလထဲမှာပဲ တိုက်ပွဲပေါင်း ၁၉၀ကျော် ဖြစ်ခဲ့တယ်လို့ တပ်မဟာ (၅)နယ်မြေက လချုပ်စာရင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းက မှန်ကန်ကြောင်းကရင်အမျိုးသားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေး ဒုတိယတာဝန်ခံ ဖဒိုကလယ်စေးက အခုလို ပြောပြပါတယ်။

“မှန်ပါတယ်။ သူတို့ထုတ်တာကတော့ ၉၂ယောက် ဖြစ်မယ်ထင်တယ်။ လချူပ်တိုက်ပွဲပေါ့နော်၊ ထုတ်ထားတာ ဖြစ်တယ်။ တိုက်ပွဲပေါင်း ၁၉၀ကျော်ဆိုတာ မှန်ပါတယ်။”

ဒီလို ထုတ်ပြန်မှူ့နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တကယ်တော့ တပ်မဟာ (၅)ဟာ တပ်မဟာ (၁)၊ (၂)၊ (၃)ကို ဖြတ်ပြီးမှ ရောက်ရှိသလို တပ်မဟာ (၅)က တပ်မဟာ (၁)၊ (၂)၊ (၃) စတဲ့ တပ်မဟာတွေကို စစ်ရေးအရ အထောက်အပံ့ ပေးတာတွေလည်း ရှိနေပါတယ်။ ဒါကို ဖြတ်တောက်နိုင်ဖို့အတွက် တပ်မဟာ (၅)ကို အပြီးချေမှုန်းတာ ဖြစ်တယ်လို့လည်း ဖဒိုကလယ်စေးက အခုလို ပြောပြပါတယ်။

“တပ်မဟာ (၅)ဟာ စစ်ရေးအရ အရေးပါတဲ့ တပ်မဟာလို့ သူတို့က နားလည်ထားပုံရပါတယ်။ တပ်မဟာ (၁)တို့၊ (၂)တို့၊ (၃)တို့အတွက် အရေးပါတဲ့တပ်မဟာလို့ နားလည်တယ်။ တပ်မဟာ (၅)သဘောထားကို သူတို့ (စကစ)က မကြိုက်ဘူး။ တပ်မဟာ (၅)သဘောထားက ပြတ်သားလို့ အဲဒါကြောင့် အဲဒီလိုလုပ်ချင်တယ်လို့ ယူဆရတယ်။ တပ်မဟာ (၁)၊ (၂)၊ (၃)တို့ကို ထောက်ပံ့မူတွေကို လျော့ချနိုင်ဖို့အတွက် တပ်မဟာ (၅)ကို ထိမ်းချုပ်တဲ့သဘော ဖြစ်ပါတယ်။”

မြန်မာစစ်တပ်ဘက်ကတော့ ကေအန်ယူရဲ့ မာနယ်ပလော ဌာနချုပ်ကျပြီးကတည်းက တပ်မဟာ (၅)ကို ချေမှုန်းမူတွေ ပိုများလာသလို တပ်မဟာ (၅)နယ်မြေ အတွင်းကို စစ်တပ်က နယ်မြေချဲ့ထွင်တာတွေ လုပ်တဲ့အတွက် အပစ်အခတ် ရပ်စဲရေးကာလမှာတောင် စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။

တပ်မဟာ (၅)နယ်မြေထဲမှာ ရွှေ၊ သတ္တူ အပါအဝင် သယံဇာတတွေကို စစ်တပ်ဘက်က ထိမ်းချုပ်လိုတဲ့သဘော ရှိတယ်လို့ လေ့လာသူတွေကလည်း ဆိုပါတယ်။ တပ်မဟာ (၅)ဟာ လေယာဉ်ပစ်လက်နက်အပါအဝင် စစ်လက်နက်ပစ္စည်းတွေ ပြည့်စုံတာကြောင့် စစ်ကောင်စီဘက်က ပိုပြီး တိုက်ခိုက်ချေမှုန်းတာတွေ ရှိနေတာပါ။

အခုဆိုရင် ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက တပ်မဟာ (၅)ဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယ အများဆုံး တပ်မဟာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“၁၉၉၅ခုနှစ်၊ ၁၉၉၆လောက်က စပြီး မာနယ်ပလော ကျပြီးတဲ့နောက်မှာလည်း တပ်မဟာ (၅)ကို ချေမှုန်းမှုက ပိုများတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတုန်းကလည်း အမြဲတမ်း တိုက်ပွဲတွေ မပြင်းထန်ပေမယ့် ပုံမှန်ထိတွေ့မူတွေ ဆက်ဖြစ်နေတယ်။ တပ်မဟာ (၅)မှာပေါ့ လေကြောင်းတိုက်ခိုက်မှုမှာလည်း တပ်မဟာ (၆)ကတော့ အကြိမ်ရေ နည်းနည်းလေပိုပေမယ့် အကြိမ်ရေများတယ်။ ဒုတိယကတော့ တပ်မဟာ (၅)ကတော့ တိုက်ခိုက်ခံရတာ အကြိမ်ရေအားဖြင့် ဒုတိယလိုက်တာပေါ့။”

မတ်လ ၂၈ရက်နေ့တုန်းကတော့ တပ်မဟာ(၅) ထိမ်းချုပ်နယ်မြေထဲမှာရှိပြီး စစ်ရေးအရရော၊ နယ်စပ် လုံခြုံရေးအရပါ အရေးပါတဲ့ မယ်ခါးထာ့ စစ်ကောင်စီစခန်းကို တပ်မဟာ (၅)က ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ ဒီစခန်းကနေ လက်နက်ကျည်ဆံ အမြောက်အများ ရရှိပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေ များခဲ့ပါတယ်။ ဒီအတွက် မတ်လထဲမှာ စစ်ကောင်စီတပ်သား ၉၀ ကျော် ကျဆုံးပြီး ၄၀ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့ ကေအန်ယူဘက်ကတော့ ၄ ဦးကျဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ (၅)က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG