သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်အခြေစိုက် စစ်ကောင်စီ တပ်စခန်းကို KNU ဝင်တိုက်


ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒေသအခေါ် မူတြော်ခရိုင်ထဲက မယ်ခါးထာ့ စစ်ကောင်စီစခန်း
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒေသအခေါ် မူတြော်ခရိုင်ထဲက မယ်ခါးထာ့ စစ်ကောင်စီစခန်း

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒေသအခေါ် မူတြော်ခရိုင်မှာ မြန်မာစစ်ကောင်စီ အခြေစိုက်စခန်းခုကို ဒီကနေ့ အစောပိုင်းမှာ ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU ကပြောပါတယ်။ စစ်ကောင်စီရဲ့ အဓိက စစ်စခန်းကို တိုက်ခိုက်မှုမှာ ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ သံလွင်မြစ်ဘေးမှာစခန်းချထားတဲ့ မယ်ခါးထာ့ စစ်ကောင်စီစခန်းကြီးတခုကို မတ်လ ၂၈ရက်နေ့မနက်က KNLA တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ကေအန်ယူ သတင်းနဲ့ပြန်ကြားရေးဒုတိယတာဝန်ခံဖဒိုကလယ်စေးက အခုလိုပြောပြပါတယ်။

"ကျနော်တို့လည်းမြေပြင်သတင်းရရှိတာပေါ့နော် စခန်းကို မနက် ၆နာရီလောက်စပြီးတိုက်ခဲ့တယ်။ သိပ်တော့မကြာဘူး စခန်းကိုသိမ်းပိုက်ရရှိခဲ့တယ်ပေါ့နော်၊ မြေပြင်သတင်းက နေသိရတယ် အဲဒီမှာဘယ်လို့ထိခိုက်သေဆုံးမူတွေရှိတယ် လက်နက်တွေရရှိတယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး တပ်မဟာ(၅)က သတင်းမပို့လာသေးပါဘူး"

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကတော့ ဒီစခန်းဟာစစ်ရေးအရ အရေးပါတဲ့ စခန်းတခုဖြစ်တယ်လို့ဆိုပါတယ်။

"အဲဒီ စခန်းကို ကေအန်အယ်လေ်အေ တပ်မဟာ(၅) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနက် ၆နာရီလောက်မှာဝင်တိုက်တယ် အဲဒီမှာ စခန်းကို ိမိနစ် ၅၀လောက် တိုက်ပွဲဖြစ်ပြီး စခန်းကိုရရှိတယ်။ စခန်းကို မီးရှို့ခဲ့တယ်။ စခန်းကိုဖျက်ဆီးခဲ့တယ်။ လက်နက်တွေလည်းအများကြီးရတယ်။ ပြီးတော့ ရန်သူလူ၄၀လောက်လည်းကျတယ်၊ဒီစခန်းဟာဘယ်လောက်အရေးပါလဲဆိုရင် သံလွင်မြစ်အရှေ့ခြမ်းကော အနောက်ခြမ်းကိုကောစိုးမိုးထိန်းချုပ်နိုင်တဲ့စခန်းတခုပေါ့နော်၊ သူတို့စခန်းက အင်အားကြီးတယ် ၊သူတို့စခန်းကနေ လူအင်အားစုတယ် ရှေ့တန်းထွက်တယ် ရှေ့တန်းက ပင်မစခန်း ဗျူဟာကုန်းလို ဖြစ်နေတယ်၊ အဲဒီ နေရာကို ဝင်တိုက်လိုက်တော့သူတို့အထိနာသွားတယ်"

ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်ဖွဲ့ဝင်များ
ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်ဖွဲ့ဝင်များ

ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုလို့မရသေးသလို၊ KNU ရဲ့ တိုက်ခိုက်မှု သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာ မရှိပါဘူး။ ဒီစခန်းဟာသံလွင်မြစ်ပေါ်မှာလုပ်မယ့်ရေကာတာစီမံကိန်းတွေလုပ်နိုင်ဖို့နယ်စပ်မှာအရေးပါတဲ့စခန်းတခုဖြစ်တယ်လို့ကေအန်ယူရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံ ဖဒိုကလယ်စေးကတော့ပြောပါတယ်။

"သူတို့အဲဒီ စခန်းက နယ်စပ်ကိုထိန်းချုပ်ဖို့တော့အရေးပါတယ်လို့နားလည်တယ် စစ်ရေးအရတော့ ဘယ်လောက်အရေးပါလဲဆိုတာ ကျနော်သိပ်တော့မသိဘူး။ ကျနော်တို့မာနယ်ပလောကျပြီးတဲ့နောက် ၁၉၉၅ခုနှစ်လောက်မှာသူတို့က အခြေချခဲ့တာပေါ့နော် -၁၉၉၂ခုနှစ်လောက်ကတည်းက ထိုင်းရယ် မြန်မာရယ် တရုတ်ရယ်ပေါင်းပြီး အဲဒီ နေရာမှာသံလွင်မြစ်ပေါ်မှာရေကာတာစီမံကိန်းလုပ်ဖို့စီစဉ်တယ်။ အောက်မှာ ဒါးဂွင်ဆိုတာပါရှိတယ်။ ရေကာတာတည်ဆောက်ဖို့အတွက် စီးပွားရေးအရ အရေးပါတယ်လို့ကျနော်တို့ယူဆတယ်။"

မယ်ခါးထာ့ စစ်ကောင်စီစခန်းဟာ သံလွင်မြစ်ပေါ်မှာဖြတ်သန်းသွာလာနေတဲ့ အရပ်သားလှေတွေကို ရိက္ခာတောင်းရမ်းတာ ခြိမ်းခြောက်ပစ်ခတ်တာတွေ လုပ်လေ့ရှိတဲ့စခန်းတခုဖြစ်တယ်လို့ဒေသခံတွေကတော့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက် ကေအန်ယူထိန်းချုပ်နယ်မြေတွေထဲက စစ်ကောင်စီရဲ့စခန်း ကြီးတွေကောစခန်းငယ်တွေပါအပါအဝင်စခန်း ဆယ်ခုလောက်ကို ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဖျက်ဆီးသိမ်းပိုက်တာတွေလုပ်ခဲ့တဲ့အထဲမှာ သီးမူးထာစခန်းနဲ့သေဘောဘိုးစခန်းတွေဟာ စစ်ကောင်စီအတွက် လက်နက်ကောလူအင်အားကောဆုံးရှုံးမူတွေများတဲ့စခန်းတွေဖြစ်ခဲ့ပါတယ်။ အခု မယ်ခါးထာ့စခန်းကလည်း အင်အားများတဲ့စခန်းတခုလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG