သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်လေးပင်မှာ စစ်တပ်ဖမ်းထားသူ ၁၄ ယောက် ဘယ်ရောက်နေမှန်းမသိသေး 


ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် တနေရာ (ဓါတ်ပုံ - KNU)
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် တနေရာ (ဓါတ်ပုံ - KNU)

ကေအန်ယူ တပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေပါအဝင် ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အစပိုင်းက ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက်ကြီးသူတချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆက်လက်ဖမ်းဆီးခံထားရသူတွေ လောလောဆယ် ဘယ်ရောက်နေလဲ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင် ကေအန်ယူ တပ်မဟာ (၃) ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ဥသျှစ်ကုန်းကျေးရွာအပါအဝင် ကျေးရွာတချို့ကို စစ်တပ်က မတ်လ ၂၀ ရက်နေ့တုန်းက လက်နက်ကြီးအလုံး ၆၀ ထက်မနည်းနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အဲဒီကျေးရွာတွေက ရွာသား ၂၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးအပါအဝင် ၁၄ ဦးကို ခုချိန်ထိ ဘယ်မှာ ဖမ်းထားလဲ မသိရဘူးလို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပြပါတယ်။

"ရွာထဲဝင်တာနဲ့ သူတို့ကလူတွေကိုဖမ်းသွားတာလေ။လူကြီးကော ကလေးကော တွေ့တဲ့သူတွေကိုအကုန်လုံးဖမ်းသွားတာပါ။ အဲဒါနဲ့ ရွာထဲက ဘုန်းကြီးကော ရပ်မိရပ်ဖတွေတော့ အကျိုးအကြောင်းကိုသွားပြောတယ်။ သာမန်အရပ်သားတွေဆိုတာ သွားပြောတယ်၊ ပြန်ပြောတော့လည်းအသက်ကြီးတဲ့သူနဲ့ခြေထောက်မသန်စွမ်းသူကိုပဲပြန်လွှတ်ပေးတယ်၊ ကလေး ၃ယောက်နဲ့ အားလုံး ၁၄ယောက်ကျန်သေးတယ်။ သူတို့ ကဘာအကြောင်းဆိုတာ မပြောဘူး၊ တွေ့တာနဲ့ တွေ့တဲ့သူအကုန်လိုက်ဖမ်းတာ ရွာသားကလည်းကြောက်လို့ထွက်ပြေးတယ် မပြေးနိုင်တဲ့သူတွေ ဖမ်းမိတယ်"

ညောင်လေးပင်ခရိုင်ထဲမှာရှိတဲ့ မုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာ၂၀ လောက်ဟာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး အခုရက်ပိုင်းအတွင်း စစ်ဘေးဒုက္ခသည် တသောင်းလောက်ရှိလာနေပါတယ်။

"စစ်တောင်းမြစ်အရှေ့ဖက်ကမ်း ကေအန်ယူ ထိမ်းချုပ်နယ်မြေက ကျေးရွာတွေပဲ ကျီးပင်စု လိန်ပင်ဝဲး သစ်ဖရောင်းတန်း၊ ဝဲမှူး၊ ကျည်စု အလယ်ကျွန်းကျေးရွာစတဲ့ ၆ရွာရယ် လူကတော့ မနေရဲတော့ဘူး ရွာသားတွေအကုန်ထွက်ပြေးနေရတယ် စစ်တပ်ကလည်းလက်နက်ကြီးနဲ့ပစ်နေတော့ အိမ် ၅လုံးလည်း ပျက်စီးတယ် ပိန်းဇလုပ်ဆိုတဲ့နေရာ စစ်တပ်ပေါ့ ခမရ ၂၆၄ပေါ့ ပိန်းဇလုပ်ဆိုတာက ညောင်လေးပင်အကျော် ရွှေကျင်ကျောက်ကြီးအပိုင်းထဲမှာပါတယ်၊ အားလုံးကျေးရွာတွေဆိုရင် အင်ပရိကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ ၊ခင်ကန့်လန့်ကျေးရွာတို့ပါတယ်။ အဲဒီရွာသားတွေကတော့စစ်တပ်စခန်းထိုင်ကတည်းက ထွက်ပြေးနေရတယ် ။ ၁၅ရွာမကဘူး ၊အဲဒီနေရာက ရွာတွေအားလုံးထွက်ပြေးနေရတယ် စစ်ဘေးရှောင်တွေကတော့အဲဒီရွာတွေ ၆ရွာက ၃ထောင်ကျော်အပြင် တခြားရွာတွေက စစ်ဘေးရှောင် တသောင်းလောက်ထွက်ပြေးနေရတယ်"

အခုဆိုရင် စစ်တပ်နဲ့ KNU, KNLA, PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင် ၃ သိန်းကျော် ရှိနေပြီး တနေ့တခြား ပိုတိုးလာနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG