သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်လခဲမြို့ကို စစ်ကောင်စီ ဗုံးကျဲ တိုက်ခိုက်၊ အရပ်သား ၃ ဦးသေ


 လေယာဉ်နဲ့ ဗုံးလာကြဲခံရတဲ့ ဘော်လခဲမြို့နယ်၊ ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာ Photo - CJ
လေယာဉ်နဲ့ ဗုံးလာကြဲခံရတဲ့ ဘော်လခဲမြို့နယ်၊ ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာ Photo - CJ

မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် သွားလာမှုတွေကို ပိတ်ဆို့နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်ထဲက ဘော်လခဲမြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။ ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေဟာ အရပ်သားတွေ တိမ်းရှောင်နေတဲ့ နေရာတွေနဲ့ အနီးကပ်ဆုံးမှာ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ ထိခိုက် သေဆုံးမှုတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။ ဒီအကြောင်း ပေးပို့လာတဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ဘော်လခဲမြို့နယ်၊ ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာ တဝိုက်ကို မနေ့က ကြာသပတေးနေ့ ညနေပိုင်းမှာ မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အရပ်သားတွေ သေဆုံးခဲ့ကြောင်း ဘော်လခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ သံလွင်မြစ်အရှေ့ဘက်ကမ်း တောတွင်းတနေရာမှာ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံတွေဖြစ်ကြတယ်လို့ သူကပြောပါတယ်။

"နောက်ဆုံးအခြေအနေ ထပ်သိလာတဲ့ Update စာရင်းအရတော့ သေဆုံးတာက ၃ ယောက်ပါ။ ၅ ယောက်ဒဏ်ရာရပါတယ်။ ကျနော်တို့ကလည်း စစ်ဒေသနဲ့ အရပ်သားပြည်သူတွေ နေရာနဲ့ အရမ်းနီးကပ်နေတာ ဖြစ်တဲ့အတွက် သူတို့ထိုးစစ်ဆင်မှုသမျှက အရပ်သားပြည်သူကို ထိခိုက်မှုတော့ ဖြစ်နိုင်တယ်ခင်ဗျ။"

စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အခု မတ်လ ၁၆ ရက်က လွိုင်ကော်မြို့ကို သွားခဲ့ပြီး ဘာသာရေး အသင်းအဖွဲ့တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ရေနီပေါက်ကျေးရွာကဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဘော်လခဲ ပြည်သူ့ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ စတင်လာခဲ့တာပါ။ ဒါကြောင့်လည်း ဘော်လခဲ-ဖားဆောင်း၊ ဘော်လခဲ-ရွာသစ် လမ်း၂ ခုကို ဒေသခံတွေ ဖြတ်သန်းမသွားအောင် ဗုဒ္ဓဟူးနေ့ကစပြီး ပိတ်လိုက်ရကြောင်း ဘော်လခဲ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

"ကျနော်တို့ ပိတ်တာကတော့ ပြည်သူတွေ ဒုက္ခမရောက်အောင်လို့ ပိတ်တာပါခင်ဗျ၊ စစ်တပ်ကပိတ်တာကတော့ ပြည်သူတွေ ဒုက္ခရောက်အောင် ပိတ်တဲ့သဘောမျိုး ဖြစ်နိုင်တယ်ဗျ။ စစ်ရေးတင်းမာချိန်မှာ (လမ်း)အသုံးပြုရင် ဖြစ်သွားနိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်လို့ဗျ။ အဲဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင် ပိတ်ဆို့တဲ့သဘောမျိုး ဖြစ်တယ်ခင်ဗျ။”

မြန်မာစစ်တပ်ဟာ အဆုံအရှုံးများတဲ့ မြေပြင်တိုက်ခိုက်မှုတွေ မလုပ်နိုင်တော့ဘဲ အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာတာကြောင့် အရပ်သားထိခိုက်မှုက ပိုပြီးများလာနေပါတယ်။ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကရင်နီဒေသထဲက ဘော်လခဲမြို့ဟာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၃) စစ်ဒေသ ရှိတဲ့နေရာ ဖြစ်ပါတယ်။ မကြာသေးခင်က ဒီဒေသမှာ ဘော်လခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ၈ ကြိမ်မြောက် သင်တန်းဆင်းပွဲတခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}








XS
SM
MD
LG