သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီထိုးစစ်ကြောင့် ဒီးမော့ဆိုအနီးက ဒေသခံအများအပြား ထပ်မံ ထွက်ပြေးနေရ


ဒီးမော့ဆိုမှာ လက်နက်ကြီးကျည်ကျ ( ဖေဖော်ဝါရီလ ၂၇ ရက် )
ဒီးမော့ဆိုမှာ လက်နက်ကြီးကျည်ကျ ( ဖေဖော်ဝါရီလ ၂၇ ရက် )

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်ထဲက ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း နန်းဟူးတွေ ကျေးရွာတဝိုက်မှာ ဒီနေ့ မနက်အစောပိုင်းထဲက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောပါတယ်။ တိုက်ပွဲကြားမှာ ပိတ်မိတဲ့ ရွာသူရွာသားတချို့က ထပ်မံပြောင်းရွှေ့ ပြေးရှောင်နေကြပြီလို့ ဆိုပါတယ်။ ဒီးမော့ဆိုနယ်ဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်လာပြီး ခုရက်ပိုင်း တိုက်ပွဲခပ်စိတ်စိတ်ဖြစ်နေတာလို့ ဆိုပါတယ်။ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

မတ်လ ၁၀ ရက် ဒီကနေ့ မနက်အစောပိုင်းထဲက ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း နန်းဟူးတွေကျေးရွာတဝိုက်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေ မနက် ၆ နာရီကနေ ၉ နာရီအထိ အချိန်အကြာကြီး ကြားရတဲ့အကြောင်း ခုလို ပြောပါတယ်။

“ကျနော်တို့လည်း ဒီကနေပဲ အသံပဲကြားတယ်ပေ့ါနော်။ တိုက်ပွဲဖြစ်တာတော့ အသံတော့ကြားတော့ ကြားခဲ့တယ်။ ဒီအရှေ့ဖက်ခြမ်းပဲ ဟုတ်တယ်။ ၆ နာရီဝန်းကျင်လောက်ဖြစ်မယ် ထင်တယ်။ လက်နက်ကြီးအသံတော့ ကြားတယ်ဗျ။ ဒီ ၉ နာရီအထိလောက်တော့ တစ်ချက် တစ်ချက် ထပ်ကြားနေရသေးတာပဲ။”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား နှစ်ဖက် တိုက်ပွဲဖြစ်နေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတဝိုက်က ဒေသခံတွေ အရင်ထဲက ဘေးလွတ်ရာကို တိမ်းရှောင်ထားတာရှိသလို ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ ကျန်ရှိနေသူတွေက ပြောင်းရွှေ့နေကြပြီလို့ ဒါရိုက်တာ ကိုဗညားက အခုလို ပြောပါတယ်။

“ဒီးမော့ဆို အရှေ့ဖက်ခြမ်းပေါ့နော်၊ ကျနော်တို့ အထူးသဖြင့် ဒီလွိုင်ကော်နဲ့ ဒီးမော့ဆိုအစပ်ပေါ့နော်၊ ကျနော်တို့ခေါ်တာက နန်းဟူးတွေ ပြီးတော့မှ ဒီဒေါစဲပေါ့နော်၊ အဲ့ဒီဖက်မှာပေါ့၊ ကျနော်တို့ ၆မိုင်နဲ့ နီးတယ်ပေါ့။ ရန်သူက ထပ်ပြီးတော့မှ ထိုးစစ်ဆင်ပြီးတော့မှ တိုက်ပွဲတွေ ဖြစ်နေတယ်၊ အခုထိပေါ့နော်။ တိုက်ပွဲက အဲ့ဒီမှာ ဖြစ်နေတုန်းပဲ။ အဲ့ဒီအတွက်ကြောင့်မို့ လက်ကျန် (ဒေသခံ) တချို့ရွာက လူတွေ ထပ်ရွှေ့ကြတယ်ပေ့ါနော်။ အခုတော့ (ဒေသခံတွေပြောင်းရွှေ့တာ) ကုန်သလောက်တော့ ဖြစ်သွားတယ်ပေါ့နော်။”

ခုတိုက်ပွဲနဲ့ ပတ်သက်လို့ နှစ်ဖက်အထိအခိုက်နဲ့ အရပ်သားထိခိုက်မှုတွေ ရှိမရှိ မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း တိုက်ပွဲနဲ့ ပတ်သက်လို့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် မတ်လ ၉ ရက်မနေ့က ဘောလခဲမြို့နယ်ကနေ ဒီးမော့ဆိုမြို့နယ် ဒေါသမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူရွာတောင်ကုန်းဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ရောက်ရှိလာတာကြောင့် အဲ့နားတဝိုက်က ရွာခံ ၃,၀၀၀ ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းနဲ့နီးတဲ့ လွိုင်ကော်မြို့နယ် ကုန်းသာရွာခံတစ်ဦးက လက်ရှိ ကျေးရွာမှာ ပြန်နေနိုင်ပေမယ့် လုံခြုံမှုမရှိဘူးလို့ ဆိုပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ အခုတလော လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေ မကြာမကြာ ကြားနေရတယ်လို့ ဆိုပါတယ်။

ကျေးရွာတောင်ပေါ်နဲ့ တောင်အောက်ဘက်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

“လုံခြုံမှုတော့ ရှိတယ်လို့ မခံစားရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီတောင်ထိပ်မှာလည်း စကစ တွေ နေရာယူထားတယ်။ ကျနော်တို့ရဲ့ ဒီရွာအောက်က ဆောင်ကန်းမှာဆိုလည်း သူတို့ နေရာယူထားတယ်ဆိုတော့ တိုက်ပွဲက ဘယ်လိုပဲဖြစ်ဖြစ် အချိန်မရွေး ထဖြစ်နိုင်တာပေါ့နော်။ ဆိုတော့ ကျနော်တို့က အသင့်အနေအထားရှိထားဖို့ရယ်၊ ဟို. . . တိုက်ပွဲဖြစ်မယ်ဆိုရင် ဘယ်ဖက်ပြေးမလဲဆိုတာတော့ ခေါင်းထဲမှာတော့ စဉ်းစားထားရတာပေါ့နော်။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက် နှိမ်နင်းခဲ့ပြီး တဲ့နောက် ၂၀၂၂ ခုနှစ် မေလကစပြီး ကယားပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲစတင်လာတာပါ။ အဲ့ဒီနောက် စစ်ကောင်စီရဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်တာ အပါအဝင် နှိပ်ကွပ်မှုတွေကို ဆက်တိုက် ခံစားနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG