အာဆီယံ ဘုံသဘောတူညီချက်မှာရော၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာပါ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့ ဖော်ပြထားပေမဲ့ စစ်ကောင်စီဘက်ကတော့ လေကြောင်းသုံး ဗုံးကြဲ၊ တိုက်ခိုက်မှုတွေ ပိုတိုးလုပ်နေပါတယ်။ ဒီအခြေအနေမှာ မြန်မာ့အရေးပဋိပက္ခ ဖြေရှင်းဖို့ အာဆီယံအဖွဲ့ တဖွဲ့တည်း မလုံလောက်ဘဲ နိုင်ငံအားလုံး ဦးဆောင် ပါဝင်ဖြေရှင်းဖို့ လိုပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ ကြိုတင်ကြေညာခြင်းမရှိပဲ ဧပြီ ၂၃ ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ မစ္စတာဘန်ကီမွန်းဟာ The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌအနေနဲ့လာရောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ၊ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့တဲ့အပြင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။ မစ္စတာဘန်ကီမွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပေမဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ သတင်းတွေကဆိုပါတယ်။
ဧပြီ ၂၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဟာ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တာတွေ့ရပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာ့အရေး Track 1.5 Dialogue ဆွေးနွေးပွဲတစ်ခုကို ဘန်ကောက်မှာ မတ်လအတွင်းက ဦးဆောင်ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ Track 1.5 Dialogue ဆိုတာကတော့ သံတမန်အသုံးအနှုန်းတစ်ခုဖြစ်ပြီး အစိုးရကိုယ်စားပြုသူတွေရော၊ အစိုးရကိုယ်စားပြု မဟုတ်သူတွေပါ အတူတကွ ပါဝင်ကြတဲ့ ဆွေးနွေးပွဲမျိုးဖြစ်ပါတယ်။ မြန်မာ့အရေး ဒုတိယအကြိမ် Track 1.5 Dialogue ဆွေးနွေးပွဲကိုတော့ ဧပြီ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ဒီဆွေးနွေးပွဲတွေကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ပညာရှင်တွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်၊ နောက် မြန်မာ့အရေး Track 1.5 ဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ မြန်ဆုံးရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးရေးအဖြေရှာရေးဆီကို ဦးတည်ကြိုးပမ်းနေကြတာပါ။ ထို့အတူပါပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း မြန်မာ့အရေးကို ချဉ်းကပ်မှု ၃ ဆင့်နဲ့ လုပ်ဆောင်မယ်လို့ ထုတ်ဖော်ကြေညာလာတဲ့အကြောင်း Myanmar Now သတင်းဌာနရဲ့ မတ်လ ၂၁ ရက်နေ့ကဖော်ပြတဲ့ အသံတိတ်သံတမန်ရေးနှင့် အာဆီယံ၏ လမ်းဆုံးနေသော မြန်မာ့အရေး ဆောင်းပါးမှာ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီအဆင့် ၃ ဆင့်ကတော့
- ၁။ အားလုံးပါဝင်သော နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးပွဲ (Inclusive National Dialogue) ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီနိုင်ရန် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု ပြုလုပ်မယ်၊
- ၂။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အထောက်အကူပြုတဲ့ အခြေအနေနှစ်ရပ်ကို တည်ဆောက်သွားမယ်၊
- ၃။ မြန်မာ့အရေးစိုးရိမ်မှုရှိတဲ့ အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ အခြားနိုင်ငံများရဲ့ အကူအညီများနှင့် အာဆီယံ၏ကြိုးပမ်းမှုတို့ကို ပေါင်းစပ်သွားမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အသံတိတ်သံတမန်ဆက်ဆံရေး(Quiet Diplomacy)ကိုကျင့်သုံးပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှားဟာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ တရားဝင်ပြောကြားထားပါတယ်။ ဒါပေမဲ့ NUG၊CRPH ၊NUCC၊တိုင်းရင်းသားလက်နက်ကိုင်အင်အားစု(EAOs)တို့နဲ့ ဘယ်အဆင့်၊ ဘယ်အတိုင်းအတာထိ ဆက်သွယ်ဆောင်ရွက်နေတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ လျှို့ဝှက်ထားတာ တွေ့ရပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ တရုတ် အပါအဝင် နိုင်ငံတကာကလည်း မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီလျက် ၅ ရပ်ကို ထောက်ခံကြပြီး မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံကို ရှေ့တန်းတင်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်သဘောတူညီခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ကို ၂ နှစ်ကျော်ကြာတဲ့အထိ တိုးတက်အောင်၊ထိရောက်အောင် ဆောင်ရွက်နိုင်တာ မတွေ့ရပါဘူး။ ဒါကြောင့်လည်း ချူလာလောင်ကွန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ သီတီနန်ပေါင်ဆူဒီယက်က အာဆီယံအနေနဲ့ မြန်မာ့အကြပ်အတည်းကိုဖြေရှင်းဖို့ ဖိအားပေးခံနေရတယ်။ဒါပေမဲ့ အာဆီယံမှာ မြန်မာ့အရေးဖြေရှင်းနိုင်တဲ့စွမ်းရည် လုံးဝ မရှိပါဘူးလို့ Nikkei Asia ကို မှတ်ချက်ပေးပြောကြားခဲ့တာဖြစ်မှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာအရေးဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆီဦးတည်နေတယ်ဆိုတာကတော့ ထင်ရှားပါတယ်။အခုလို တွေ့ဆုံဆွေးနွေးရေး သဘောထားတွေအပေါ် တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ NUG၊CRPH ၊NUCC နဲ့ EAOs တွေ ဘယ်လိုတုန့်ပြန်ကြမလဲ။ ဒါဟာ တော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် သဘောထားတစ်ရပ်၊မူဝါဒတစ်ခု ပြင်ဆင်ထားဖို့ လိုမယ်လို့နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ အာဆီယံနဲ့ နိုင်ငံတကာက ဇောင်းပေးလာတဲ့ ဆွေးနွေးရေးနဲ့ပတ်သက်ပြီး နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးကတော့ အခုလိုပြောပါတယ်။
"နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးမှာ လက်တွေ့ကျ ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးရေး တကယ်ဖြစ်စေချင်
တယ်ဆိုရင် စကစ လုပ်မယ့် ရွေးကောက်ပွဲပေါ် အခြေခံပြီး ဖြေရှင်းတာကို လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြဖို့လိုတယ်။တွေ့ဆုံဆွေးနွေးပွဲရဲ့ ဦးတည်ချက်က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးဖြစ်တယ်ဆိုတာ ခိုင်ခိုင်မာမာ ဖော်ပြဖို့လိုတယ်။ဒါမှပဲ ကျွန်တော်တို့က မြန်မာ့အရေးကို လက်တွေ့ကျ ဖြေရှင်းနိုင်တဲ့ ဆွေးနွေးပွဲမျိုးဖြစ်နိုင်မယ်။အဲဒီလိုမှ မဟုတ်ရင်တော့ ဆွေ့ဆုံဆွေးနွေးပွဲသည် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာရော၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာပါ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ပဇီကြီးဖြစ်ရပ် လို လူအစုလိုက်အပြုံလိုက် သေဆုံးစေတဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီက ထပ်မံကျူးလွန်ခဲ့တာတွေ့ရပါတယ်။ဒီလို အခြေအနေမှာ တွေ့ဆုံဆွေးနွေးရေးဆိုတာ အလုပ်ဖြစ်နိုင်ပါ့မလား။ ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ အဖြေရှာကြမလဲ။ SAC-M လို့ခေါ်တဲ့ ကုလသမဂ္ဂမှာ အဆင့်မြင့်တာဝန်များ ထမ်းဆောင်ခဲ့ဖူးတဲ့ ဝါရင့်ဥပဒေပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီကတော့ မတ်လ ၁၄ ရက်နေ့မှာ The Jakarta Post သတင်းစာကြီးမှာ အာဆီယံအတွက် အချိန်သိပ်မကျန်တော့ဘူး။ အချိန်နည်းနေပြီဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကို သတိပေးထားပါတယ်။
"ဒီနှစ် ကုန်ဆုံးချိန်အထိ အာဆီယံဟာ မြန်မာ့အရေးအတွက် ခိုင်မာတဲ့ တိုးတက်မှု မရရှိဘူးဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ လွှဲပြောင်းပေးသင့်တယ်။ လုံခြုံရေးကောင်စီအနေနဲ့ ကုလသမဂ္ဂပဋိညာဉ် အခန်း (၇)မှာ ပြဋ္ဌာန်းထားတဲ့ လုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ မြန်မာပြည်သူများကို အကာအကွယ်ပေးသင့်တယ်”လို့ တိုက်တွန်းရေးသားထားပါတယ်။ ဒါကိုကြည့်ရင် မြန်မာ့အရေးဟာ အာဆီယံတစ်ဖွဲ့တည်းနဲ့ မလုံလောက်တော့ဘူး။ နိုင်ငံတာအစီအစဉ်တစ်ရပ် လိုအပ်နေပြီဆိုတာ ညွှန်ပြနေပါတယ်။