သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ယင်းမာပင်မှာ ဒေသခံတချို့ အသတ်ခံရ


ယင်းမာပင် မြို့နယ် ကုန်းကျေးရွာ မီးရှို့ခံရ (မတ်လ ၁ ရက်၊ ၂၀၂၃)
ယင်းမာပင် မြို့နယ် ကုန်းကျေးရွာ မီးရှို့ခံရ (မတ်လ ၁ ရက်၊ ၂၀၂၃)

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာပြီးနောက်ပိုင်း ၁၁ ရက်အတွင်း ကျေးရွာ ၄ ရွာက ဒေသခံ ၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၈၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း သက်ကြီးရွယ်အိုတွေ စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးတာတွေ ရှိနေပါတယ်။ ယင်းမာပင်မြို့နယ်နဲ့ ခင်ဦးမြို့နယ်ထဲက အခြေအနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင်ကက ပြောပြပါမယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်ချိန် ဖေဖော်ဝါရီ လဆန်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေငြာပြီးနောက်ပိုင်း ယင်းမာပင်မြို့နယ်ထဲမှာဆိုရင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကစလို့ အခု မတ်လ ၇ ရက်နေ့အထိ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ယင်းမာပင်မြို့နယ်ထဲမှာ တာ၀ ၊ ကုန်း ၊ မြောက်နုံး ၊ ကျေးစာကျ စတဲ့ ကျေးရွာတွေက အရပ်သား ပြည်သူ ၉ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒေသခံအရပ်သားတွေ သတ်ဖြတ်ခံရတဲ့အခြေနေနဲ့ ပတ်သက်လို့ မြောက်ယမား ဒေသခံကာကွယ်ရေးအဖွဲ့က ကိုခန့်က အခုလို ပြောပါတယ်။

“တာဝရွာက ပြည်သူ ၂ ဦး အသတ်ခံရတယ်။ ကုန်းရွာက ပြည်သူ ၄ ဦး အသတ်ခံရတယ်။ မြောက်နုံးက မုဒိန်းကျင့်ပြီးတော့ ၂ ယောက် အသတ်ခံရတဲ့ထဲမှာ တယောက်က မုဒိန်းကျင့်ခံရတာပေါ့။ အဲ့ဒါက ဦးဖိုးနီ အသက်အားဖြင့်တော့ ၅၀ ပတ်ချာလည်လောက်ရှိတဲ့ အဖိုးကြီးတယောက်ပေါ့။ နောက်တယောက်က မမိုးဝေ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားတာ ဖမ်းထားပြီးတော့ ညမှာ အုပ်စုဖွဲ့ပြီးတော့ စစ်ကောင်စီတပ်သားတွေ ဝိုင်းပြီးတော့ မုဒိန်းကျင့်တာ။ သူတို့မုဒိန်းကျင့်တဲ့ သက်သေအထောက်အထားတွေကို ကျွန်တော်တို့ သိမ်းဆည်းရမိထားတာရှိတယ်။ စောစောက ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ အလောင်းဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိနိုင်ဘူး။ သို့သော်ပြန်လွတ်လာတဲ့သူတွေရဲ့ ပြောစကားအရ အခု ကျွန်တော်တို့ အတည်ပြုနိုင်ပြီပေါ့။ ဒီအလောင်းက မမိုးဝေဖြစ်တယ် မုဒိန်းကျင့်ပြီး သတ်ဖြတ်ထားခဲ့တယ်။ နောက်တယောက်က ကျေးစာကျပေါ့။”

အခြားကျေးရွာက ဒေသခံတွေဟာ သေနတ်တွေနဲ့ ပစ်သတ် မီးရှို့ သတ်ခံရခဲ့ရတာတွေဖြစ်ပြီး မြောက်နုံးကျေးရွာက အမျိုးသမီးတဦး မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဗွီအိုအေဘက်က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖေဖော်ဝါရီ ၂၅ ရက်မှာ တာ၀ ကျေးရွာက နေအိမ် ၃၀ ကျော် ၊ မတ်လ ၁ ရက်မှာ ကုန်းကျေးရွာက နေအိမ် ၆၅၀ ၊ မတ်လ ၃ ရက်မှာ မြောက်နုံးကျေးရွာက နေအိမ် ၁၃၀ နဲ့ မတ်လ ၇ ကျေးစာကျ ကျေးရွာက နေအိမ်အချို့ မီးရှို့ခဲ့ပြီး အဲ့ဒီရက်တွေမှာပဲ အရပ်သား ဒေသခံတွေ သတ်ဖြတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေတာ ၁ လကျော် ကြာမြင့်နေပါပြီ။ စစ်အုပ်ချုပ်ရေး မကြေငြာမှီ ဇန်နဝါရီ လကလည်း ယင်းမာပင်မြို့နယ်ထဲက ကျော်မှော်ကျေးရွာ အုပ်စုထဲက ကျေးရွာတွေက နေအိမ်တွေကို မီးရှို့တာတွေ လုပ်ခဲ့ပြီး အရပ်သား ၁ ဦးကိုလည်း သတ်ဖြတ်သွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန် တာမရှိသေးပါဘူး။

ခင်ဦးမြို့နယ်ထဲမှာလည်း စစ်ဘေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေ ရှိနေပါတယ်။ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်ဆိုသလို လုပ်လာနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အစားအသောက်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက ပြောပါတယ်။

“စစ်ဘေးရှောင်ရင်းနဲ့ပေါ့ သရက်ကုန်းရွာကပဲ အဖွားကြီး အသက်ကြီးတော့ မနက်ခင်းတို့ ညခင်းတို့ ရာသီဥတုက တအားအေးတော့ အအေးပတ်ပြီး သေသွားတာ။ ၉၁ နှစ် ဒေါ်ညိုတုတ်။ အခုလောလောဆယ် စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကတော့ လောလောဆယ် စားဖို့သောက်ဖို့ နဂိုက စားဖို့သောက်ဖို့ဆိုတာ တရွာနဲ့ တရွာကူးတဲ့အခါမှာ ဒီဘက်ရွာကိုဝင်ရင် ဟိုဘက်ရွာက ထမင်းကျွေးလို့ရသေးတယ်။ အခုဟိုဘက် ရွာပါပြေးနေရတော့ ထမင်းထုတ်ဝေမယ့်သူကို မရှိဘူး။ စားဖို့ သောက်ဖို့လည်း အခက်အခဲဖြစ်တယ်။ နောက်ပြီးကျတော့ ရာသီဥတုက နေ့ပူပြီး ညချမ်းတာဆိုတော့ ကျန်းမာရေးအတွက် တော်တော်အဆင်မပြေဘူး။ ကျန်းမာရေးအတွက် အစားအသောက် ဆေးဝါးတွေ လိုအပ်တယ်ပေါ့။”

အရင်ကလည်း ခင်ဦးနယ်ထဲမှာ ၂၀၂၂ ခုနှစ်က စစ်ဘေးရှောင်ရင်း အမောဖောက်ပြီး သေဆုံးသွားသူတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ခင်ဦးမြို့နယ်ထဲမှာလည်း မတ်လ ၇ ရက် မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်တပ်တို့ ကလုံ ကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါသေးတယ်။ လက်ရှိ စစ်တပ်ဟာ ခင်ဦးနယ်ထဲကနေ ကန့်ဘလူနယ်ထဲကို ဝင်ရောက်သွားတယ်လို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဗေဒါကြီးအဖွဲ့က ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီမနက်မှာ မီးစရှို့တာပဲ။ မီးစရှို့တော့ ကိုယ့်ဘက်က ကာကွယ်ရေးအဖွဲ့တွေကနေ စပစ်တာပေါ့။ တိုက်ပွဲကြာချိန်က ၄၅ မိနစ်လောက်တော့ကြာတယ်။ အဲ့ကနေပြီးတော့မှ အောင်ချမ်းသာ ယင်းတိုက်ကျေးရွာတွေကိုဝင်ပြီးတော့ (ကန့်ဘလူ) ကာဘိုးကျေးရွာထဲကို ဝင်သွားပြီ။”

စစ်အုပ်ချုပ်ရေး ကြေငြာပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး ဒေသခံတွေလည်း အများအပြား သတ်ဖြတ်ခံနေရပါတယ်။ ဒါ့အပြင် အခုလို နယ်မြေရှင်းလင်းတာတွေ လုပ်နေတဲ့အတွက် တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာနိုင်မယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ယူဆနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG