သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးနဲ့ ပုလဲမြို့နယ်တွေမှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်


စစ်ကိုင်းတိုင်း ပုလဲမြို့
စစ်ကိုင်းတိုင်း ပုလဲမြို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ပုလဲမြို့နယ်ထဲမှာလည်း စစ်တပ် အားပေးထောက်ခံတဲ့ ဇီးဖြူကုန်းကျေးရွာကို ဒေသခံ ပူးပေါင်းကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

ကလေးမြို့ မြောက်ပိုင်းမှာရှိတဲ့ ရှုခင်းသာကျေးရွာက စာသင်ကျောင်းကို ဇွန် ၅ ရက် မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောတာပါ။ လေကြောင်းက ပစ်ခတ်ချိန်မှာ စာသင်ကျောင်းထဲ ကြားကာလ ပညာရေးအစည်းအဝေး လုပ်နေချိန်ဖြစ်တဲ့အတွက် ဆရာမတဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လေကြောင်းကနေ တိုက်ခိုက်ပြီးချိန်မှာတော့ ကလေးမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အတွက် လက်ပံချောင်းကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး တဦးက စိုးရိမ်ရတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“အစည်းဝေးလုပ်နေကြတာပေါ့၊ ပညာရေး ဘုတ်အဖွဲ့ဝင်တွေနဲ့ ဘုတ်အဖွဲ့ဝင်တွေ အစည်းအဝေးလုပ်တာ။ အဲ့ဒါကို ၁၀ နာရီလောက်မှာ ကလေးလေဆိပ်ကနေ Mi35 က တက်ပြီးတော့ ပစ်သွားတယ်။ ပစ်သွားတဲ့ အချိန်မှာ စုစုပေါင်း ၄ ယောက်ထိတယ်။ အမျိုးသမီးတယောက်၊ ဆရာမတယောက်အပါအဝင် ၄ ယောက်ထိတယ်။ ၃ ပတ်ပတ်ပြီး ပစ်ပြီးသွားတဲ့အခါကျတော့ ပြန်ခေါက်တယ်။ ၁၁ နာရီ(မှာ) နောက်ထပ်ထုတယ်။ လက်ပံချောင်းရွာထဲကိုကျတယ် ပြည်သူ ၃ ယောက်ထပ်ပြီးထိထားတယ်။ တယောက်ကတောာ့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။”

လက်ရှိအချိန်မှာ ဒဏ်ရာရရှိသူတွေကို ကုသဖို့လုပ်ဆောင်နေပြီး မြေပြင်မှာလည်း စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါက ကလေးမြို့မြောက်ပိုင်းရဲ့ အခြေအနေပါ။ စစ်ကိုင်းတိုင်းထဲမှာပဲ ပုလဲမြို့နယ်မှာဆိုရင် စစ်တပ်နဲ့စစ်တပ်အားပေးထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေး အဖွဲ့တွေက ဇွန်လ ၂ ရက်ကနေ ၅ ရက် ဒီကနေ့အထိ ၃ ရက်ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ၂ ဖက် အကျအဆုံးရှိတဲ့အထိ တိုက်ပွဲက ပြင်းထန်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်တပ်က ဇီးဖြူကုန်းကျေးရွာ ပတ်ဝန်းကျင်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“၂ရက်နေ့ကတည်းက စဖြစ်တာ၊ ကျွန်တော်တို့ ဇီးဖြူကုန်းပေါ့၊ ဇီးဖြူကုန်းရွာကို သွားတိုက်တာခင်ဗျ။ ၃ ရက်ဆက်တိုက် တိုက်တာ တိုက်လေယာဉ်နဲ့ လာပြီး ကူရတဲ့ အခြေအနေရှိတယ်။ ဇီးဖြူကုန်းပတ်ပတ်လည်ပေါ့။ စခန်းသိမ်းနေတဲ့အချိန် စခန်းနား တဝိုက်ကို ကြဲသွားတာ။ လက်ရှိအခြေအနေက တင်းမာနေဆဲပဲခင်ဗျ။ လေကြောင်းလိုင်း သုံးပြီး ပစ်ကူပေးသွားတာခင်ဗျ။ တကယ်တော့ လေကြောင်းမလာခဲ့သည်ရှိသော် သေချာပေါက် ဒီအထိုင်က အသာစီးရမယ်လို့ ယူဆတယ်။”

ဇီဖြူကုန်းကျေးရွာကို သခင်ဒေါင်းညိုကာကွယ်ရေးအဖွဲ့ ယင်းမာပင်၊ စလင်း တပ်ပေါင်းစုတွေအပြင် ရေစကြို ပခုက္ကူတို့ဘက်က ကာကွယ်ရေး အဖွဲ့တွေပါ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပုလဲမြို့နယ်ထဲကို စစ်တပ်က မကြာခဏ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိတဲ့အတွက် အခုလို လေကြောင်းတိုက်ခိုက်မှုအပြီး နောက်ထပ် လေကြောင်းကနေ တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေလည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG