သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီမြို့တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေ


MNDAA ကိုးကန့် တပ်ဖွဲ့ဝင်များ
MNDAA ကိုးကန့် တပ်ဖွဲ့ဝင်များ

ဒီကနေ့ မနက်အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အမှတ်၂ ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းနေရာတွေကို MNDAA ခေါ် ကိုးကန့် တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း နဲ့ တနင်္ဂနွေနေ့ ညပိုင်းက သိန္နီမြို့ အဝင် တံတားမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရှမ်းမြောက်မဟာမိတ်တွေ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးပြီး မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် စစ်ရေးပဋိပက္ခတွေ ပြန်လည်မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

ဒီကနေ့ မနက် လားရှိုးမြို့တွင်း တိုက်ခိုက်မှုတွေဟာ မနက်အစောပိုင်း မှာဖြစ်ခဲ့တာပါ။ပထမ တိုက်ခိုက်ခံရတဲ့နေရာက မြို့လည်ခေါင် အမှတ် ၂ ရဲစခန်းဖြစ်ပြီး နောက်တစ်နေရာကတော့ သိန္နီမြို့အထွက် စစ်ကောင်စီရဲ့ ခမရ ၅၀၇ တပ်စခန်းအနီးမှာလို့ လားရှိုးဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ဖြစ်တာက ၂နေရာဖြစ်တာ။ အဲဒီ ရပ်ကွက် ၁၂ ။ မြို့လည်ခေါင်ပေါ့။ ပြောမယ်ဆိုရင်တော့။ မြို့လည်မှာရှိတဲ့ အမှတ် ၂ ရဲစခန်းကို ဝင်ပစ်တယ်။ ပြီးတော့ ဒီ ရပ်ကွက် ၅ မန်အိုင်ကုန်းပေါ့။ လားရှိုးအထွက်ပေါ့ဗျာ။ မန်အိုင်ကုန်းပေါ်မှာ တစ်နေရာဖြစ်တယ်ပေါ့။ သူက ၅၀၇ နဲ့ နီးတယ်။ ”

ရပ်ကွက် ၅ အတွင်း ပစ်ခတ်မှုမှာတော့ အထိအခိုက်မရှိကြောင်းနဲ့ ရပ်ကွက် ၁၂ ၊ အမှတ် ၂ ရဲစခန်းပစ်ခတ်မှုမှာတော့ ထိခိုက်မှုရှိနိုင်ပေမဲ့ သတင်းမရကြောင်း ပြောပါတယ်။

တနင်္ဂနွေနေ့ ညပိုင်းမှာ သိန္နီမြို့က လားရှိုးဘက်အထွက် တံတားမှာလည်း ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ခဲ့ကြောင်း နဲ့ ဒီတိုက်ခိုက်မှုဟာ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့ဖြစ်တယ်လို့ သတင်းကြားသိရကြောင်း ပြောပါတယ်။

“ သိန္နီက မနေ့က ဖြစ်တာဗျ။ မနေ့က ၉နာရီမှာ ကျနော်တို့ သိန္နီ- လားရှိုးဘက်အထွက် တံတားမှာဖြစ်တာလေ။ အဲဒီတံတားမှာ သူတို့ ရဲကင်းရော၊ စစ်တပ်ရော စောင့်တယ်လေ။ အဲဒီမှာ ပစ်ခတ်မှုဖြစ်တာပေါ့။ ကျနော်တို့သိသလောက်က TNLA ကလို့တော့ ပြောတယ်။ ”

သိန္နီ တံတားပစ်ခတ်မှုနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ TNLA ပြောရေးဆိုခွင့်ရှိသူကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

MNDAA ကိုးကန့်အဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင် က ဒီမနက်ခင်း လားရှိုးမြို့တွင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့သတင်းမရသေးကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့မှာလည်း တိုက်ပွဲက ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ အချက်အလက်က ကျနော့ဆီ မရောက်သေးတာ။ ”

ဇွန်လ ၂ရက်နေ့ကစတင်ပြီး နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“၆လပိုင်း ၂ရက်နေ့မှာ ကျနော်တို့ အထူးဒေသ၁ မူပန်ခရိုင်၊ မူပန်ခရိုင်ဆိုတာက သိန္နီပါပဲ။ သိန္နီထဲမှာရှိတဲ့ ကျနော်တို့ တပ်မဟာ ၆၁၁ ရဲ့ ယာယီ တပ်စခန်းတစ်ခုကို ပေါ့နော် ၊ စစ်ကောင်စီက လူအင်အား ၇၀လောက် ရှိတဲ့ စစ်ကြောင်းနဲ့ လာရောက် ထိုးစစ်ဆင်တယ်။ တိုက်ပွဲက ၁နာရီကြာကြာဖြစ်ပွားခဲ့တယ်ပေါ့။ ၃ရက်နေ့ကကျတော့ ကိုးကန့်ဒေသအတွင်း လောက်ကိုင်မြို့နယ်ရဲ့အနောက်တောင်ဘက်ခြမ်းပေါ့။ အဲဒီမှာရှိတဲ့ တပ်စခန်းတစ်ခုကိုလည်း သူတို့က လူအင်အား ၁၀၀ နဲ့ လာရောက် ထိုးစစ်ဆင်တယ်။ တိုက်ပွဲက ၃နာရီကြာကြာ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်ပေါ့။ ၄ရက်နေ့ကလည်း လောက်ကိုင်မြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းပေါ့နော်။ အဲဒီတဝိုက်မှာလည်း လာရောက် ထိုးစစ်ဆင်တယ်။ အဲဒီတိုက်ပွဲရဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ”

ဒီ တိုက်ပွဲတွေအတွင်းမှာ ကိုးကန့်ဘက်က တစ်ယောက်ကျဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့ကြောင်း သိရပေမဲ့ စစ်ကောင်စီဘက်က အထိအခိုက်စာရင်းကိုတော့ မသိရကြောင်း ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ လားရှိုးက တာယန်းမြိ့ဘက်အထွက် ၂၂မိုင်ခန့် အကွာမှာရှိတဲ့ နမ်ပေါင်ရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ညီနောင်မဟာမိတ် ခေါ် တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တွေ မိုင်းလားမြို့မှာ ဆွေးနွေးပြီးနောက် ဖြစ်ပွားလာတာပါ။

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်၃ဖွဲ့တို့ဟာ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုနဲ့ ၃ရက် ဆွေးနွေးဖို့ သတ်မှတ်ခဲ့ပေမဲ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာပဲ ရပ်ဆိုင်းခဲ့ပါတယ်။

ဒီရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

မေလ ၂၁ရက်နေ့ က လားရှိုးမြို့စွန် သိန္နီအထွက်လမ်းရှိ နည်းပညာအထက်တန်းကျောင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့သလို ၂၀ရက်နေ့က လားရှိုးမြို့နယ် ပန်မွန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲတကြိမ် ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG