သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ဆွေးနွေးပွဲ ပြီးဆုံး


စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)
စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)

တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ မိုင်းလားမြို့မှာ ဆွေးနွေးနေတာ ဒုတိယနေ့မှာ ပြီးဆုံးသွားပါတယ်။ ၂ ဖက်လုံး အမြင်ဖလှယ်ပြီးလို့ ရပ်သွားတာလို့ မိုင်းလားအဖွဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ၂ ဘက်ကြား ဘယ်တော့ ဆွေးနွေးမှုတွေ ပြန်စမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီအကြောင်း မအေးသန္တာကျော်က တင်ပြပါမယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးပွဲဟာ ဒီနေ့မှာ အဆုံးသတ်သွားပါတယ်။ ၂ ဘက် ဆက်ဆွေးစရာ မရှိတော့လို့ ဆွေးနွေးပွဲ ပြီးသွားတာဖြစ်တယ်လို့ မိုင်းလားအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဗွီအိုအေကိုပြောပါတယ်။

"ရပ်သွားတာကတော့ပုံမှန်ပါ။ သူတို့ ၂ ဘက်စလုံး အမြင်တွေ တင်ပြပြီး၊ ဖလှယ်အပြီးမှာ နောက်တကြိမ်ပြန်ချိန်းမယ်၊ အဲလိုနဲ့ရပ်သွားတာ။ အခုဟာကတော့ လောလောဆယ် အမြင်တွေ၊ ကိုယ့်စဉ်းစားချက်တွေ၊ ကိုယ့်ရဲ့တောင်းဆိုချက်တွေ တင်ပြပြီးပြီ။ တင်ပြပြီးပေမယ့် ကိုယ့်နှစ်ဘက်စလုံးပြန်ပြီးမှ သက်ဆိုင်ရာနဲ့ ပြန်ဆွေးနွေးမယ်။ နောက်ကနေပြီးတော့ အဖြေလာမယ်ဆိုတော့။ ပြန်ဖြေမယ်၊ ပြန်တွေ့မယ်ဆိုတော့ အဲလိုမျိုးပါ။"

စစ်ကောင်စီဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဉီးဆောင်တဲ့ အဖွဲ့တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲမှာ မနေ့ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ အဓိက ဆွေးနွေးခဲ့သလို တိုင်းရင်းသားတွေဘက်ကတော့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေးနဲ့ မတရားအသင်းအဖြစ်က ပယ်ဖျက်ပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောကြားထားပါတယ်။ ၂ ဘက်ကြား အပြုသဘောဆောင် ဆွေးနွေးနိုင်ခဲ့သလို ဆက်လက် ဆွေးနွေးနိုင်မှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့တုန်းက ပြောကြားခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင် လက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ခုလို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ထဲက မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံဘက်က ဦးဆောင် တိုက်တွန်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် တယောက်လည်း မိုင်းလားကို လာရောက်ပေမဲ့ ဆွေးနွေးပွဲမှာတော့ မပါဘူးလို့ ဦးကြည်မြင့်က ပြောပါတယ်။

"ကျွန်တော်တို့ မြင်သလောက်တော့ တရုတ်ကတော့ တိုက်တွန်းတာပဲ။ တရုတ်ကတော့ ဆွေးနွေးပွဲထဲမှာ မပါဘူး။ သူတို့ ဆွေးနွေးပွဲ အပြင်မှာပဲ နေတယ်။ အဲလိုပဲ မြင်တယ်။ သူတို့ ဆွေးနွေးပွဲထဲမှာ မပါဘူး။"

အခုလို မိုင်းလားမှာ ဆွေးနွေးပွဲ ဖြစ်မလာခင် တရုတ်ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးဌာန စစ်ထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှုးချုပ် ဗိုလ်ချုပ် ယန်ယန်နဲ့ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တာရှိခဲ့ပါတယ်။ အခု ဆွေးနွေးပွဲဟာ စစ်ကောင်စီအုပ်ချုပ်မှုအတွင်း ပထမဆုံး တွေ့ဆုံတာဖြစ်တဲ့အတွက် ထူးခြားတယ်ဆိုပြီး နိုင်ငံရေးအကဲခတ်တွေ ဗွီအိုအေကို ပြောပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အဓိကကျတာကြောင့် လက်နက်ကိုင်တိုက်ပွဲတွေ မပေါ်ပေါက်ရေးကို တရုတ်က အထူးအလေးထားပုံရတယ်လို့ မြန်မာ့အရေး အကဲခတ်တွေ သုံးသပ်နေပါတယ်။

စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်းဒေသ တည်ငြိမ်ရေးအပြင် စစ်တပ်ကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မပူးပေါင်းရေး၊ စစ်ရေးလှုပ်ရှားမှုတွေမှာ မပါဝင်ရေး ကိစ္စတွေကို အဓိက ထားဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေ ခန့်မှန်းတွက်ဆထားကြပါတယ်။ ဒီနေ့ ဆွေးနွေးခဲ့တာနဲ့ပါတ်သက်လို့ စစ်ကောင်စီဘက်ကရော ညီနောင် မဟာမိတ် ၃ ဖွဲ့ဘက်ကိုပါ ဗွီအိုအေက ဆက်သွယ်မေးဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ဟာ စစ်တပ်နဲ့ တိုက်ခိုက်မှုတွေ ရပ်ထားပေမဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေကတော့ မြန်မာစစ်တပ်အကြားမှာတော့ တိုက်ပွဲတွေ ကြိုကြား ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG