သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ငြိမ်းချမ်းရေးဆွေးနွေးမှု အချိန်ယူဖို့လိုအပ်" AA ပြောခွင့်ရ


ခိုင်သုက ရခိုင့်တပ်တော် AA ပြောခွင့်ရသူ။ (Photo: AA)
ခိုင်သုက ရခိုင့်တပ်တော် AA ပြောခွင့်ရသူ။ (Photo: AA)

"ငြိမ်းချမ်းရေးဆွေးနွေးမှု အချိန်ယူဖို့လိုအပ်" AA ပြောခွင့်ရ

ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စအတွက် စစ်ကောင်စီနဲ့ ယုံကြည်မှု တည်ဆောက်ရေး အချိန်ယူဖို့လိုအပ်နေသေးကြောင်း ရခိုင့်တပ်တော် AA ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။
တရုတ်နိုင်ငံက ကမကထ ပြုလုပ်တဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကို မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့ကြား ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ထားပါတယ်။ မနေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မုန်လားမှာ စတင်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ခိုင်သုခကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ခိုင်သုခ ။ ။ ဒီနေ့ တွေ့ဆုံပွဲမှာ ကျနော်တို့ဘက်က အဓိက ဆွေးနွေးခဲ့တာက အချက်(၃)ချက်ပေါ့။ (၁)အချက်ကတော့ ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လည် လွတ်မြောက်ရေးကိစ္စ၊ နံပါတ်(၂) အချက်ကတော့ မတရားအသင်းကနေ ပယ်ဖျက်ပေးရေးကိစ္စ။ နံပါတ်(၃)ကျတော့ ဒီ ရခိုင်ပြည်အတွင်းမှာ လက်ရှိ မိုခါမုန်တိုင်းသင့် ပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို အချိန်မီ ချောမွေ့စွာ ရောက်ရှိရေးကိစ္စ။ အဲဒီ ၃ ချက်ကို ကျနော်တို့ဘက်က အဓိက ဆွေးနွေးခဲ့ပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က တုံ့ပြန်ချက် ဘယ်လိုတွေ့ရပါသလဲ။

ခိုင်သုခ ။ ။ သူတို့ဘက်ကလည်း သူတို့ ပြောချင်တဲ့အချက်တွေကို ပြောတာပေါ့နော်။ ကျနော်တို့ဘက်ကလည်း နားထောင်ပေးတာပေါ့။ ကျနော်တို့ဘက်က အဓိက ၃ ချက်ကို ဆွေးနွေးတာပေါ့။ ဆွေးနွေးပွဲကတော့ သောကြာနေ့ ထပ်ဆွေးနွေးဖို့ ရှိသေးတယ်ခင်ဗျ။ အဲဒါပြီးမှပဲ အခြေအနေတွေကို ပြောလို့ရမှာပေါ့။

မအင်ကြင်းနိုင် ။ ။ အခု ဒီဆွေးနွေးပွဲက ဘယ်နှယ်ရက် သတ်မှတ်ထားပါလဲ။

ခိုင်သုခ ။ ။ ဟို မနက်ဖြန်( ဇွန် ၂ ရက် သောကြာနေ့) တရက် ဆိုရင်တော့ ပြီးမယ်လို့ ထင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ဒီစစ်ကောင်စီဘက်ကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပုံအရ ဆိုရင်တော့ ဒီဆွေးနွေးပွဲက အပြုသဘောဆောင်တယ်လို့တော့ ပြောပါတယ်။ ဒီ မဟာမိတ်(၃)ဖွဲ့ အနေအထားမှာရော အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲမျိုး လို့ရော သုံးသပ်လားရှင့်။

ခိုင်သုခ ။ ။ ဒီဟာကတော့ ပြောဖို့ အချိန်စောသေးတာပေါ့နော်။ ဒါ ကျနော်တို့ ကြားထဲမှာ ဆက်ပြီးတော့မှ အများကြီး ယုံကြည်မှုတည်ဆောက်ရေးကိစ္စတွေ ၊ သူတို့ပြောတဲ့ဟာ ရှိတာပေါ့နော်။ ဒီဟာတွေနဲ့ ပတ်သက်ရင်လည်း ဒါ အများကြီး ရှေ့ဆက်ပြီးတော့မှ .. ဆွေးနွေးရမယ့်အနေအထားတွေ ရှိပါတယ်။

မအင်ကြင်းနိုင် ။ ။ အခုဒီ တရုတ်ကိုယ်စားလှယ် ကိုယ်တိုင်လည်း ဒီဆွေးနွေးပွဲမှာ သူက ကြားအနေနဲ့ ပါဝင်တဲ့အခါကျတော့ .. ဒီတရုတ်ကိုယ်စားလှယ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကရော ဘယ်လို အရေးပါလဲရှင့်။

ခိုင်သုခ ။ ။ ဒီ တရုတ်ဘက်ကတော့ ဒီတွေ့ဆုံပွဲကို သူတို့ ကမကထ လုပ်ပေးတာပဲ ရှိပါတယ်။ ကျန်တာတော့ ဟို ဘာမှ ဟိုဥစ္စာ ..ဒီ အယ် .. ဝင်ပြီးတော့ ဆွေးနွေးတာတော့ မရှိပါဘူး။

မအင်ကြင်းနိုင် ။ ။ တရုတ်ဘက်ကနေပြီးတော့ ဒီလို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်အောင် လုပ်ပေးနေတဲ့ သဘောမှာပေါ့နော် ၊ သူတို့ ဒီ ကုန်သွယ်ရေးအကျိုးစီးပွားအရလည်း ပါတယ်ဆိုပေမယ့် အဓိကတော့ ဒီ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အပစ်ခတ်ရပ်စဲခြင်းအားဖြင့်ပေါ့နော် .. တဖက်မှာလည်း NUG လို ၊ နောက် PDF တို့လို စစ်အာဏာသိမ်းထားတာကို အဓိကဆန့်ကျင်နေတဲ့အဖွဲ့တွေပေါ် ပိုပြီး ဖိနှိပ်လာနိုင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိပါတယ်။ ဒီအပေါ်မှာ AA ရဲ့သဘောထား တုံ့ပြန်ချက် ဘယ်လိုရှိပါသလဲရှင့်။

ခိုင်သုခ ။ ။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ခုချိန်မှာ ပြောဖို့ စောသေးတာပေါ့နော်။ ထွေထွေထူးထူး မှတ်ချက်ပေးစရာတော့ မရှိပါဘူး။

မအင်ကြင်းနိုင် ။ ။ အခုဆွေးနွေးပွဲပေါ့နော်။ စစ်ကောင်စီနဲ့ ဒီညီနောင် မဟာမိတ်တို့ ဆွေးနွေးပွဲက NUG တို့ PDF တို့အပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှု ရိုက်ခိုက်မှုတွေ ရှိလာနိုင်မလဲရှင့်။

ခိုင်သုခ ။ ။ ဒီဟာကတော့ အကျိုးသက်ရောက်မှုက သိပ်ပြီးတော့ ဒါ ရှိမယ်လို့တော့ ကျနော်တို့ မယူဆပါဘူး။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ အကျိုးသက်ရောက်မှု သိပ်မရှိဘူးဆိုတော့ ၊ ဆိုလိုတာက အခု သက်ဆိုင်တဲ့ နယ်မြေဒေသ သက်ဆိုင်ရာကိစ္စတွေကိုပဲ ပဏာမ ဆွေးနွေးနေတဲ့အပိုင်းလို့ ပြောလို့ရမလားရှင့် ။

ခိုင်သုခ ။ ။ ဒီဟာကတော့ ခုလက်ရှိ တွေ့ဆုံတာက ကျနော်တို့ဒီ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ တွေ့ဆုံတာပဲ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုကနေပြီးတော့ အခြားအရာတွေကို ကျနော်တို့ သက်ရောက်မှု ရှိမယ်ဆိုတာကတော့ ဒါ .. အဲလို ယတိပြတ် ပြောလို့တော့ မရဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG