သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်နဲ့ လေးကေကော်ကိုပေးနေတဲ့ လျှပ်စစ်မီး ထိုင်းဘက်က ဒီကနေ့စဖြတ်မည်


ရွှေကုက္ကိုလ်မြို့သစ်
ရွှေကုက္ကိုလ်မြို့သစ်

ကရင်ပြည်နယ်၊ မြဝတီမြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသ၊ မြဝတီမြို့တောင်ဘက်က လေးကေကော်မြို့သစ်နဲ့ အင်ကြင်းမြိုင်ဒေသတို့ကို ပေးဝေနေတဲ့ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးတွေကို ဇွန်လ ၅ ရက် ဒီကနေ့ ကစပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှာဖြစ်တဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံဘက်အခြမ်း ကရင်ပြည်နယ် မြဝတီခရိုင်ဘက်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားလိုင်းကို မြဝတီမြို့ကလွဲရင် ကျန်ရှိတဲ့ နေရာ (၃) ခုကို ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ထိုင်းအစိုးရက ဖြတ်တောက်တော့မယ်လို့ ထိုင်းသတင်း မီဒီယာတွေမှာ ဖော်ပြနေတာပါ။ ဒါကတော့ ထိုင်းလျှပ်စစ်ဌာနနဲ့ မြန်မာဘက်က ရွှေမြစ်သောင်ရင်းကုမ္ပဏီကြား ချုပ်ဆိုထားတဲ့ လျှပ်စစ်ဓါတ်အားဆိုင်ရာ သဘောတူညီချက်တချို့ကို ဖျက်သိမ်းလိုက်တာကြောင့်ဖြစ်တယ်လို့ ကြားသိရကြောင်း ဒီအကြောင်းကိုလေ့လာနေတဲ့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက ပြောပါတယ်။

"မြဝတီခရိုင်ထဲမှာရှိတဲ့ မြဝတီ ရွှေကုက္ကိုလ်မြို့သစ်၊ မဲ့ထောသလေး လေးကေ့ကော်မြို့သစ်တို့ဆီကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အားပေးနေတာဖြစ်ပါတယ်။
ဒီနေ့ဇွန်လ ၅ရက်နေ့ကနေစပြီး မြဝတီ မြို့တမြို့ကလွဲရင် အခြားနေရာ ၃ခုကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အားဖြတ်တောက်ပစ်တော့မယ်လို့ဆိုလာတာ ဖြစ်ပါတယ်။ အခုလို လျှပ်စစ်ဓါတ်အားဖြတ်တောက်တာဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုင်းအစိုးရ လျှပ်စစ်ဌာနနဲ့ မြန်မာဘက်က ရွှေမြစ်သောင်ရင်းကုမ္ပဏီတို့ကြားမှာ ချုပ်ဆိုထားတဲ့ လျှပ်စစ်ဓါတ်အားဆိုင်ရာ သဘောတူချက်တချို့ကို ဖျက်သိမ်းလိုက်တာကြောင့်လို့ထိုင်းဘက်ကသတင်းမီဒီယာတွေကဖော်ပြကြပါတယ်။"

ဒီလျှပ်စစ်အားကို အားပြုပြီး အဓိက စီးပွားရေးလုပ်ငန်းတွေလုပ်နေတဲ့ ရွှေကုက္ကိုလ်မြို့ကို လောင်းကစားမြို့တော်လို့တောင် တင်စား ခေါ်နေကြပြီး ရာဇဝတ်မှုလုပ်ငန်းတွေ အများအပြားလုပ်ကိုင်နေတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ထိုင်းလူမျိုးတွေအပါအဝင် နိုင်ငံတကာက နိုင်ငံခြားသားတွေပါ လိမ်လည်မှုလုပ်ငန်းရဲ့သားကောင်တွေဖြစ်နေရပြီး တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေက အဲဒီဒေသမှာအခွန်ပေးပြီး အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေ၊ ကာစီနိုလောင်းကစားလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမူတွေကို လုပ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

လျှပ်စစ်မီးသာ ဖြတ်တောက်မယ်ဆိုရင်တော့ အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းသွားဖွယ်ရှိတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

"ရွှေကုက္ကိုလ်က လောင်းကစား တရုတ်ပြည်မကြီးက လက်မခံတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေ လူမှောင်ခိုဂိုဏ်းတွေ၊
ရာဇဝတ်သား ပြည်ပြေးအမျိုးမျိုး အားပြုပြီး မှီခိုနေတဲ့နေရာဖြစ်တယ်။ လိမ်လည်နေတဲ့ လုပ်ငန်းပေါင်းစုံက လျှပ်စစ်ဓါတ်အားကို အခြေပြုနေတာဖြစ်တဲ့အတွက် လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ထိုင်းဘက်က လျှပ်စစ်ဓါတ်အားလိုင်းအပေါ် မှီခိုနေရတာဖြစ်တဲ့အတွက် အခုဆိုရင် ရွှေမြစ်သောင်ရင်းကုမ္ပဏီတို့၊ နယ်ခြားစောင့်တပ်က စောချစ်သူတို့က ထိုင်းဘက်ကို အပူတပြင်း ချဉ်းကပ်နေလောက်ပါပြီ။"

ဒီနေရာဟာ နယ်ခြားစောင့်တပ် (BGF) တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီး ကာစီနို လောင်းကစားရုံ အများအပြားရှိနေတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒီမီးဖြတ်တောက်မယ့်အစီအစဉ်ဟာ ထိုင်းအစိုးရနဲ့ ရွှေမြစ်သောင်ရင်းကုမ္ပဏီတို့ ကြားမှာ ချုပ်ဆိုခဲ့တဲ့ လျှပ်စစ်ဓါတ်အားပေးဆိုင်ရာ သဘောတူညီချက်စာချုပ် သက်တမ်းကုန်ဆုံးတာကြောင့်လို့လည်း ဆိုပါတယ်။

တချို့ကတော့ စစ်ကောင်စီက နယ်ခြားစောင့်တပ်ကို ဖိအားပေးတဲ့သဘောလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။

အခုအခါမှာတော့ တရုတ်စီးပွားရေးသမားတွေက သူတို့ရဲ့ လောင်းကစားလုပ်ငန်းတွေ မရပ်ဆိုင်းဘဲ ပုံမှန်လည်ပတ်နိုင်ဖို့မီးစက်တွေနဲ့ ပြင်ဆင်နေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့မေလကစပြီး အဲဒီဒေသမှာ တယ်လီဖုန်း အင်တာနက်လိုင်းတွေအတွက် စစ်ကောင်စီတပ်ပိုင်တဲ့ Mytel Wifi တွေကို ပြောင်းလဲအသုံးပြုနေရတယ်လို့ဒေသခံတွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နယ်ခြားစောင့်တပ်နဲ့ ရွှေမြစ်သောင်ရင်းကုမ္ပဏီကိုလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG