သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်လက်မှာ အိမ် ၆၀ ကျော်ကို စစ်ကောင်စီမီးရှို့ပြီး ဒေသခံတချို့ကို ပစ်သတ်ခဲ့


ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာမီးရှို့ခံရ (ဇွန် ၃၊ ၂၀၂၃)
ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာမီးရှို့ခံရ (ဇွန် ၃၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းကို မေလနှောင်းပိုင်းလောက်ကတည်းက ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဟာ
ဇွန်လ ၃ ရက်နေ့မှာတော့ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာက နေအိမ် ၆၀ကျော်ကို မီးရှို့ခဲ့သလို နဘဲပင်လှရွာနဲ့ တမာကန်ရွာက ဒေသခံတချို့ကို သတ်ဖြတ်ခဲ့ပြီး တချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။

ဝက်လက်မြို့နယ်ကို မေလ နောက်ဆုံးပတ်လောက်ကတည်းက စစ်ကြောင်းတွေ နယ်မြေရှင်းလင်းရေး လုပ်နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၃ ရက်နေ့မှာ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို ရွှေဘို ကျောက်မြောင်းတိုက်နယ်က ခမရ ၁၂ စစ်ကြောင်းရောက်ရှိလာပြီး နဘဲပင်လှရွာက အိမ်ခြေ ၆၀ ကျော်ကို မီးရှို့ခဲ့သလို အနီးဝန်းကျင်ကျေးရွာတချို့က စစ်ရှောင်တဲတွေကိုလည်း မီးရှို့ခဲ့တယ်လို့ Welet Informational Network ပြန်ကြားရေး တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

နဘဲပင်လှ ကျေးရွာက အမျိုးသားတစ်ဦးနဲ့ တမာကန်ကျေးရွာက အမျိုးသားတစ်ဦးတို့ကို သတ်ခဲ့ပြီးတော့ အမျိုးသမီး တချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ပြောပါတယ်။

“၆ လပိုင်း ၃ ရက်နေ့မှာ နဘဲပင်လှကျေးရွာမှာ ကျွန်တော်တို့ အိမ် ၆၀ ကျော်နဲ့ ဘုန်းကြီးကျောင်းထဲက ကျောင်းဆောင် ၄ လုံး စာသင်ခုံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ပြီးတော့ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ပြီးတော့မှ မီးပုံထဲကို ပစ်ထားခဲ့တယ်။ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကိုကျတော့ ပေါင်ကို ပစ်ခဲ့တယ်ပေါ့။ ပြီးတော့ ထမင်းချက်ဖို့ ဆိုပြိးတော့မှ မိန်းမသား ၂ ဦးကို ဖမ်းသွားတယ်ဗျ။ ၄ ရက်နေ့မနက်ကျတော့ (စကစတပ်) တမာကန်ရွာကနေမှ တောင်ဖက်ကို ဖြတ်ထွက်ခဲ့တဲ့အခါမှာ တမာကန်ရွာထဲက အသက် ၄၀ အရွယ် စိတ်မနှံတဲ့ အမျိုသားတစ်ဦးကို သူတို့ဖမ်းခေါ်ပြီးတော့ တမာကန်ကျေးရွာရဲ့ တောင်ဖက် တိုက်ရွာရဲ့ မြောက်ဖက်ကြားထဲမှာ သူတို့ ပစ်သတ်သွားခဲ့တယ်။”

ဒီနဘဲပင်လှ ကျေးရွာနဲ့ အနီးတဝိုက်ဟာ တိုက်ပွဲဖြစ်လေ့ရှိတဲ့ နေရာတွေမဟုတ်ဘဲ ရွာရဲ့ ဘုန်းကြီးကျောင်းဟာ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်အနေနဲ့ အခြေခံပညာကျောင်းသားတွေကို ပညာသင်ကြားပေးနေတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီကနေ့မှာ စစ်ကိုင်းမြို့နယ်ထဲက စဉ့်ကိုင်တောင်ရွာနဲ့ ဝက်လက်မြို့နယ်ထဲက စဉ့်ကိုင်မြောက်ရွာတို့ကို ဆက်ပြီးမီးရှို့နေကြတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကြောင်းတလျှောက် ကျေးရွာတွေကနေ ဒေသခံတွေကို ဖမ်းဆီးသွားတာတွေ ရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဖမ်းခံရတဲ့ ဒေသခံ တချို့ ပြန်လွတ်လာတာလည်း ရှိတယ်လို့လည်း ခုလိုပြောပါတယ်။

“ဓားစာခံဖမ်းမိတဲ့ ပြည်သူတွေရှိတယ်ဗျ။ ကျွန်တော် ဦးရေအရေအတွက်ကိုတော့ အတိအကျမသိရဘူး။ ပြန်လွတ်တဲ့သူတွေလည်းရှိတယ်။ နဘဲပင်လှက ဖမ်းတဲ့ ပြည်သူတွေဆိုရင် အဲ့နေ့က ပြန်လွတ်တယ်ဗျ။ ပြန်လွတ်တဲ့သူလည်း လွတ်တယ်၊ တခါတလေကျ ပြန်မလွတ်ဘဲ စစ်ကြောင်းနဲ့ ပါသွားတဲ့သူတွေလည်းရှိတယ်။ လောလောဆယ် ကျွန်တော်သိရတာ ၇ ယောက်လောက်တော့ လွတ်တယ်ဗျ။ ကျွန်တော်တို့ ဒီဝက်လက်နယ်မှာ ၇ ယောက်လောက် လွတ်ယ်။ ဟိုဖက်တွေမှာလည်း လွတ်တယ်လို့ပြောတယ် ဒါပေမယ့် ကျွန်တော် အတိအကျတော့ မသိဘူးဗျ။”

ဧရာဝတီမြစ်ကြောင်းတလျှောက်က ကျေးရွာတွေက ဒေသခံ သောင်းကျော် စစ်ဘေးရှောင်နေကြရပြီး သက်ကြီးရွယ်အိုတွေဟာ လက်ရှိရာသီရတု အပူချိန်တွေကြောင့် အမောဖောက်တာတွေ အဖြစ်များကြတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ မိုးရွာသွန်းပြီးနောက် အပူချိန်လွန်ကဲလာတာအပြင် ရေက အနံဆိုးထွက်တာတွေနဲ့ ရေမလုံလောက်တာတွေ ရှိတာကြောင့် သောက်သုံးရေအတွက် ဒုက္ခရောက်ကြရတယ်လို့လည်း ပြောပါတယ်။

“စစ်ရှောင်တွေက အများကြီးပဲဗျ၊ အများကြီးပဲ ဆိုတာက မြစ်ကြောင်းတလျှောက်က တော်တောများများ စစ်ရှောင်ရတယ် ဒုက္ခတွေ ရောက်တယ်။ လူပေါင်း သောင်းနဲ့ချီပြီး ဒုက္ခတွေရောက်တယ်။ ဒီဖက်တွေမှာကတော့ ရေကတော့ ရှားတယ်ဗျ။ တော်တော့်ကို ဒုက္ခရောက်ကြတယ်ဗျ။ တချို့ကကျ မိုးရေတွေက ရေကြည်ထဲကျတော့ နံတာတွေရှိတော့ သောက်လို့မရတာတွေ ရှိတယ်ပေါ့နော်။ ရေရှေားပါးမှုတော့ ရှိတယ်ဗျ၊ နေကလည်း တအားပူတာဆိုတော့။”

စစ်ကြောင်းတွေ ကျေးရွာက ထွက်သွားပေမယ့် ဒေသခံတွေက ရွာကို ပြန်မဝင်ရဲကြသေးဘူးလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေက သူတို့စခန်းချခဲ့တဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းထောင်ခဲ့တာမျိုးတွေ ရှိတတ်တာကြောင့် ဒေသကာကွယ်ရေး အဖွဲ့တွေက ကျေးရွာတွေကို ရှင်းလင်းရေး လုပ်ပြီးမှသာ ဒေသခံတွေကို ပြန်ဝင်ခိုင်းရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေရှိသလို အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG