သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ကျွန်းလှမြို့နယ်တွင်းနယ်မြေရှင်းလင်း ရေးကြောင့် ဒေသခံတွေတိမ်းရှောင်


စစ်ကိုင်းတိုင်း ကျွန်းလှမြို့
စစ်ကိုင်းတိုင်း ကျွန်းလှမြို့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က မေလ ၂၄ရက်မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး သဖန်းဆိပ်ဆည်အနီး ရွှေလုပ်ကွက်တွေက လှေနဲ့ ဖောင်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေကပြောပါတယ်။ ဒီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျွန်းလှမြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာလောက်က ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ ဒီအကြောင်းသတင်းပေးပို့ထားတာကို နန်းလောဝ်ပြောပြပါမယ်။

ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းနယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီရဲ့ ခမရ ၃၆၁ စစ်ကြောင်းက ယခင် အင်အား ၁၅၀ ကျော်ကနေ အင်အားထပ်ဖြည့်ပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီစစ်ကြောင်းဟာ ကျွန်းလှနယ်၊ အင်ကောင်းကျေးရွာအနီးက ရွှေလုပ်ကွက်တွေမှာရှိတဲ့ လှေတွေနဲ့ ဖောင်တွေကို မီးရှို့နေတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျွန်းလှမြို့နယ်မှာတော့ ခမရ ၃၆၁ က စမ္ပာယ်နဂိုရ်ကနေမှာ မှန်နီပြင်ဖက်ကိုစစ်ကြောင်းထိုးပြီးနောက်ပြန်ခေါက် ညနေခင်း ၇ နာရီလောက်ကို နတ်အင်းကို ပြန်ရောက်ပြီးတော့ ည ၈ နာရီခွဲ ၉ နာရီလောက်ကို ကားနဲ့လာပြီးတော့ ၆၀၀၆က လာကြိုသွားတယ်။ ကြိုပြီးတော့ တောက်လျှောက် ကျွန်းလှအနောက်ဖက်က ခုထိုးနေတဲ့ အင်းကောင်းရွာဖက်ကို သူတို့ ရောက်တယ်ဗျ။ အခုသူတို့ အင်းကောင်းကနေ စပြီးတော့ ကျီကုန်း(ရွာ) တို့ကနေမှ ၄၊ ၅ ဖွဲ့ အဖွဲ့ခွဲပြီးတော့ အခုစတင်ပြီးတော့ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းထိုးနေတယ်။ ပြည်သူတွေ ရွှေလုပ်နေတဲ့ ရွှေဖောင်တွေပေါ့ အဲ့ဒါတွေကို မီးရှို့ဖျက်ဆီးနေတယ်ဗျ။ လှေတို့ ရွှေဖောင်တွေတို့ အဲ့ဒါတွေကို မီးရှို့ဖျက်ဆီးလုပ်နေတယ်။ အဲ့ဒီဖက်မှာတော့ စစ်ရှောင်တွေကတော့ လောလောဆယ်ကတော့ သူတို့လည်းလုပ်ငန်းတွေ ရပ်ထားပြီးတော့ ပြေးတိမ်းနေကြရတာပေါ့။”

စစ်ကောင်စီတပ်တွေဟာ ကျီကုန်းကျေးရွာမှာ လက်နက်ကြီးတပ်အထိုင်ချထားသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်လည်း ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်မယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတွေကတော့ကြိုတင် စစ်ဘေးရှောင်နေကြပြီလို့ ဆိုပါတယ်။

“သူတို့က ပစ်ပြီးမှဝင်တာပါ။ အခုလည်းပစ်ပြီးမှ ဝင်တာဗျ။ သူတို့အခု မီးရှို့တဲ့နေရာတွေက ညကတည်းက ပြည်သူတွေက စစ်ကြောင်းရောက်ပြီဆိုတာ သိကတည်းက တိမ်းရှောင်နေကြတာဗျ။ ဖောင်တွေကို ဒီတိုင်းပစ်ထားခဲ့ပြီးတော့ ရှောင်နေကြရတာ။ ဝင်တော့ကျ သူတို့က ကျီကုန်းဖက်မှာ လူစု၊ လက်နက်ကြီးတွေ ဆင်ပြီးတော့မှ ကျီကုန်းဖက်ကနေမှ လှမ်းပြီးတော့ ထုတာ အဲ့လိုမျိုး။ ဒီ ၆၀ မမ တွေနဲ့ လှမ်းထုပြီးမှ သူတို့က ဝင်တာဗျ။”

ခမရ ၃၆၁ က အင်အားအများအပြားနဲ့ ဝင်လာတာကြောင့် လက်ရှိမှာ ၁၂ ရွာလောက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ စစ်ကြောင်း ကျေးရွာတွေကို ဝင်မလာခင်ကတည်းက ကြိုတင်သိပြီး စစ်ရှောင်ခဲ့ကြတာဖြစ်တဲ့အတွက် ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို တပါတည်းသယ်မသွားနိုင်ကြပါဘူး။ စစ်ရှောင်တွေရဲ့ စားသောက်ရေးကတော့ လက်ရှိမှာတော့ အခက်အခဲမရှိနိုင်သေးဘူးလို့ ပြောပါတယ်။

“ဒီရွာတွေအနေနဲ့ဆိုရင်တော့ လောလောဆယ်တော့ ၁၀ ရွာ ၁၂ လောက်ပဲ ရှိအုံးမှာဗျ လောလောဆယ်တော့။ ဒီကျန်တဲ့ဖက်ကတော့ ကောလင်းနဲ့ ကန့်ဘလူနဲ့ အစပ်မှာဖြစ်နေတာ။ ကောလင်းနယ်ဖက်ကို ရှောင်တဲ့သူတွေလည်း ရှိတယ်ဗျ။ အဲ့ဖက်ကတော့ တောင်ယာဆိပ်တို့ မင်းကုန်း၊ ကုက္ကိုကုန်း၊ ဆွဲလည်း၊ မတောင်၊ ခု မီးရှို့တဲ့နေရာတွေနဲ့က ရေပြင်အစပ်ဆိုတော့ ဒီသဖန်းဆိပ်ဆည်အဖျားကျတယ်ဗျ၊ အရှေ့ဖျား။ အဲ့တော့ သူတို့ရှို့တဲ့နေရာက ရွာနဲ့ကျတော့ ၄ မိုင်၊ ၅ မိုင်လောက်တော့ ဝေးမှာဗျ။ သူတို့ စရောက်ပြီ ဆိုကတည်ကမှ အသင့်ပြင်ပြီးတော့ ပစ္စည်းပစ္စယတွေ ထုပ်ထားနိုင်ပါတယ်ဗျ။ အံလိုကျတော့ စားဝတ်နေရေးအတွက်ကတော့ သယ်သွားနိုင်ပါတယ်ဗျ။”

ခမရ ၃၆၁ စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်တောင်ခြမ်းနဲ့ အရှေ့ခြမ်းက ကျေးရွာတွေကို မေလ ၁၇ ရက်နေ့ကတည်းက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ်ထဲ ခမရ ၃၆၁ နဲ့ ၃၆၈ တို့က နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြီး တစ်ပတ်အတွင်း ကျေးရွာ အနည်းဆုံး ၁၅ ရွာလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်းမှာ ဧပြီလကနေ မေလအတွင်း အခုအချိန်ထိ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းတွေကြောင့် စစ်ဘေးရှောင်ဦးရေတွေ တိုးသထက်တိုးလာနေပါတယ်။လက်ရှိ စစ်ရှောင်အတွက်ဟာ ၅၀၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG