သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ပုလဲမြို့နယ် နေရာ ၄ ခုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်


( Photo Courtesy : M7 PDF / ပုလဲမြို့နယ် M7 PDF ရဲဘော်များနဲ့ မဟာမိတ်တပ်သားများအားတွေ့ရစဉ် )
( Photo Courtesy : M7 PDF / ပုလဲမြို့နယ် M7 PDF ရဲဘော်များနဲ့ မဟာမိတ်တပ်သားများအားတွေ့ရစဉ် )

စစ်ကိုင်း ပုလဲမြို့နယ် နေရာ ၄ ခုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နဘူးတော ကျေးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ တိုက်ပွဲဖြစ်ပြီး ကျေးရွာထဲမှာ အရပ်သားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်းတည်းမှာတော့ ပုလဲမြို့နယ်တွင်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းအပါအဝင် နေရာ ၄ နေရာကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းတွင်း စစ်ရေးသတင်းပေးပို့ချက်ကို ကိုရဲမွန်ပြောပြမှာပါ။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွှေတောင်ဦးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မေ ၁၁ ရက် မနက်ပိုင်းမှာ မြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ရင်း နဘူးတောကျေးရွာမှာ ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး၊ ဒေသခံ အရပ်သား ၁၀၀ နီးပါး ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နဘူးတောကျေးရွာဘုန်းကြီးကျောင်း ၂ ကျောင်းနားမှာ ၈ နာရီခွဲဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်တော့တာပဲ။ တိုက်ပွဲက မိနစ် ၂၀/၃၀ ဝန်းကျင်ပေါ့။ ဒေသခံတွေကတော့ သူတို့ နဘူးတော ရွာလမ်းခွဲကနေ ဝင်လာပြီဆိုတာနဲ့ ထွက်ပြေးတိမ်းရှောင်ကြတာပေါ့။ တချို့က ဘုန်းကြီးကျောင်းမှာ သွားပြီး ရှောင်ကြတဲ့သူတွေကြတော့ ပိတ်မိသလို ပုံစံမျိုးဖြစ်သွားပြီပေါ့။ ဘုန်းကြီးကျောင်းမှာ ကျွန်တော်မျက်မြင်တွေ့ခဲ့တာ ၁၀၀ လောက်တွေ့ခဲ့တာပဲ။”

နဘူးတောကျေးရွာကို စစ်ကောင်စီတပ်အပြင် စစ်ကောင်စီလိုလားတဲ့ ပျူစောထီးတွေ မကြာခဏဆိုသလို ဝင်ရောက် ပစ်ခတ်ရှာဖွေတာတွေလုပ်လို့ ဒေသခံ ၆ ဦးထက်မနည်း ယခင်က သေဆုံးခဲ့ဖူးပါတယ်။

တဆက်တည်း ပုလဲမြို့မှာဆိုရင်လည်း စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးအပြင် ပျူစောထီးအားကောင်းတဲ့ ကန်းဒေါင့် အင်မထီးနဲ့ ဇီးဖြူကုန်းကျေးရွာတို့ကို မေ ၁၀ ရက် ညပိုင်းမှာ ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ထွေအုပ်ရုံးရယ် ရဲစခန်းရယ်ပေါ့။ အထဲထဲလည်း ဝင်ပစ်သေးတယ်။ ကျန်တဲ့ တော်လှန်ရေး အင်အားစုတွေကတော့ ကျွန်တော်တို့ ပုလဲမြို့နယ်မှာ ရှိတဲ့ ကမ်းဒေါင့် ဇီးဖြူကုန်း အင်မထီး အထိုင် ၄ နေရာလောက်ရှိမယ်။ ဒီနေ့မနက်ခင်းတော့ ဒရုန်းတွေနဲ့တော နေရာတကာ ပတ်ဝဲနေတယ်။”

ထွေအုပ်ရုံးနဲ့ ရဲစခန်းကို သခင်ဒေါင်းညို ၊ ချင်းတွင်း တိုးနယား ၊ တိုက်ခါး အပြင် အခြား မဟာမိတ်တပ်ဖွဲ့တွေက စုပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ပစ်ခတ်ခံရပြီးနောက်နေ့ မနက်မှာတော့ မုံရွာ-ဂန့်ဂေါ ကားလမ်းပိုင်းကို ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံးမှာ တပ်စွဲထားတာဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ မကြာခဏဝင်ရောက်တိုက်ခိုက်တာခံရပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG