သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း−ကယား(ကရင်နီ) နယ်စပ်က ကျေးရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်နေ


ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ နမ်းနိန်းကျေးရွာတဝိုက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ Photo: PNDF(KK)
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ နမ်းနိန်းကျေးရွာတဝိုက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ Photo: PNDF(KK)

ဖယ်ခုံမြို့နယ် အရှေ့ခြမ်း ငါးမူးကျေးရွာဘက် မနေ့က စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၅ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိတယ်လို့ အနီးအနားကျေးရွာခံတဦး VOA ကို ပြောပါတယ်။ အလားတူ ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က တောင်မဲသင်းရွာနဲ့ မြောက်စလုံးရွာတို့ဘက်မှာလည်း ဒီနေ့ မနက်ပိုင်းကတည်းက လက်နက်ကြီးပစ်ခတ်သံ တောက်လျှောက်ကြားနေရပြီး ဒေသခံတွေ စိုးရိမ်ကြောက်လန့် နေကြပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ဧပြီလ ၂၇ ရက်၊ မနေ့က မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ငါးမူးကျေးရွာသား ၅ဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ အဲဒီရွာအနီးမှာရှိတဲ့ တခြားရွာခံတဦးက VOA ကို ပြောပါတယ်။

“ငါးမူးရွာဖက်က လက်နက်ကြီး ၅ လုံးလောက်ကျတယ်။ တိုက်ပွဲမရှိဘဲနဲ့ အဲ့ဒါကို သူတို့လှမ်းထုလို့ ပြည်သူ ၄ ဦး ပြင်းထန်ဒဏ်ရာရတယ် တယောက်က ရှပ်ထိသွားတယ်ပေါ့၊ နည်းနည်းပါးပါးပါပဲ။ အဲ့ဒါကို ဖယ်ခုံတပ်မ ဒီ စက၇ ကနေ လှမ်းပစ်တာ၊ နောက်ပြီးတော့ ဟို… နောက်လိုင်ရွာပေါ်ဘက်လည်း ၄ လုံးကျတယ် လက်နက်ကြီး။ တိုက်ပွဲမရှိဘူး၊ အဲ့ဒါ ဘုန်းကြီးကျောင်းမှာ ၂လုံးကျတယ် ဘုန်းကြီးကျောင်းမှန်တွေ အကုန်ကွဲတယ်။”

ဖယ်ခုံမြို့ အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ အရပ်သားတွေရှိရာ ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်လာလို့ အခုလို ထိခိုက်တာ၊ အိုးအိမ်ပျက်စီးတာတွေ ဖြစ်ရတာလို့ ဆိုပါတယ်။

မနေ့ကတော့ ဖယ်ခုံမြို့နယ် အရှေ့ခြမ်း ငါးမူးကျေးရွာ၊ ညောင်မွန်းကျေးရွာနဲ့ နောင်လိုင်ကျေးရွာတို့ဟာ လက်နက်ကြီးပစ်ခတ်တာကို ခံခဲ့ကြရပါတယ်။ အဲ့ဒီရွာတွေဟာ စစ်ရေး ပဋိပက္ခငြိမ်သက်နေတဲ့ ကျေးရွာတွေဖြစ်ပြီး ဘာကြောင့် အခုလို ပစ်ခတ် တိုက်ခိုက်ခံရသလဲဆိုတာ မသိရသေးဘူးလို့ အဲ့ဒီပတ်ဝန်းကျင် ရွာခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ဒီဘက်လည်း ပဋိပက္ခလည်းမရှိဘူး၊ (PDF)ကလေးလည်းမရှိဘူး ရွာသူရွာသားပဲရှိတယ်တော့ ရွာကို သူတို့ လှမ်းပြီးတော့ အကြောင်းမဲ့ သူတို့ဟာသူတို့ ပစ်တယ်ပေါ့နော်၊ အဲ့ဒါကို စစ်ပွဲလည်းမရှိပါဘူး ဒီဘက်။ ၁၅ ရက်တစ်ကြိမ်၊ ၁၀ရက်ကြိမ်၊ ၃ရက်တစ်ကြိမ်လို ဆက်တိုက် ဆက်တိုက် သူတို့ လှမ်းပြီးတော့ ပစ်ပစ်နေတာ၊ မကြာမကြာဖြစ်တယ်ဟုတ်။”

အလားတူ ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ် တောင်မဲသင်းရွာ မြောက်စလုံးရွာတွေဘက် မနေ့ညပိုင်း ၈နာရီ အချိန်လောက် သေနတ်သံကြားနေရပြီး ဒီနေ့ မနက်အစောပိုင်းမှာ လက်နက်ကြီးပစ်ခတ်သံတွေ တောင်လျှောက် ကြားလာတယ်လို့ အဲ့ရွာအနီးအနားမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ပစ်ခတ်မှုတွေတော့ ကြားတယ်၊ မနေ့ည ညနေအချိန်လောက်ပေါ့နော်၊ ၈နာရီအချိန်လောက်။ ဟိုဟာ…သူတို့ပစ်တယ်၊ လက်နက်ငယ်တော့ ပစ်တယ်၊ လက်နက်ကြီးတော့ မပစ်ဘူးပေါ့နော်။ မနေ့ည နောက် ဒီရက်တော့ လက်နက်ကြီးတော့တက်လာတယ် လက်နက်ကြီးက ဖယ်ခုံကနေ ပစ်လာတယ်။ အဲ့ဒီတောင်စလုံး၊ မြောက်စလုံးဖက်လို့ ထင်ရတယ်ရှင် ဟုတ်။ လက်နက်ကြီးပစ်တာတော့ အသံတော်တော်ကြားရတယ်၊ အသံတော်တော်ကျယ်တယ်ရှင်ဟုတ်။ နေ့တိုင်းလိုလိုကြားရတယ်ရှင့်။ နေ့တိုင်းလို ပစ်တယ်ရှင် ဖယ်ခုံကနေ တောင်စလုံး မြောက်စလုံး တောင်မဲသင်းတို့ဖက် ပစ်တတ်တယ်ရှင် နေ့တိုင်းပဲရှင့်။”

ဒီလို ဦးတည်ရာမဲ့ နေ့စဉ်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပတ်ဝန်းကျင်မှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေ အမြဲတမ်း စိုးရိမ် ထိတ်လန့်နေကြရကြောင်း ခုလို ပြောပါတယ်။

“စိုးရိမ်မှုတော့ ရှိတယ်ပေါ့နော်။ လက်နက်ကြီးကျမှာလည်း ကြောက်ကြတယ်။ စစ်ရှောင်တွေကတော့ တော်တော်ကြောက်တယ်။ လေယာဉ်တွေ လာရင်လည်း ကြောက်ကြတယ်ပေါ့နော်။”

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဖယ်ခုံမြို့နယ်၊ ဆောင်းဖွေးကျေးရွာမှာ ရွာခံနဲ့ စစ်ပြေးဒုက္ခသည်တွေ ထူထောင်ထားတဲ့ ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့ ကျန်းမာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့နဲ့ ကရင်နီကာကွယ်ရေးတပ်တွေက VOA ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ အခုနောက်ပိုင်း ပိုလုပ်လာပြီး လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ တွင်တွင်ကျယ်ကျယ် ကျူးလွန်နေတာလို့ ကရင်နီပြည်နယ်အခြေစိုက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒသခံတွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG