သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း−ကယား(ကရင်နီ) နယ်စပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ


ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)

ရှမ်း-ကယားနယ်စပ်မှာ ပြီးခဲ့တဲ့ မတ်လကတည်းက တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နောက် ခုချိန်ထိ ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွားနေပါတယ်။ နေ့စဥ်နီးပါး ဒေသမတည်ငြိမ်ဘဲ သေနတ်သံတွေ ကြားနေရတာမို့ ရွာသူ ရွာသားတွေလည်း နေအိမ် မပြန်ရဲကြသေးပါဘူး။ ဒါ့အပြင် လက်နက်ကြီး အသုံးပြု ပစ်ခတ်မှုက ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူ ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီ ပူးပေါင်းတပ်တွေအကြား ဧပြီလ ၁၆ ရက်နေ့ကနေ စပြီး ဒီနေ့အထိ နေ့စဥ် တိုက်ပွဲဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီးမော့ဆို၊ ဘောလခဲ၊ ဖယ်ခုံ၊ ပင်လောင်း စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ကြပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူ တိုက်ခိုက်မှုတွေ နေ့စဥ်နီးပါး လုပ်လာတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် အများအပြားထိခိုက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ အမြောက်အများလည်း သိမ်းဆည်းရမိကြောင်း KNDF က ပုံနဲ့တကွ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

KNDF က ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ကြီးကြီးမားမား တိုက်ပွဲမရှိပေမယ့်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အသုံးပြု တောက်လျှောက်ပစ်ခတ်နေတယ်လို့ VOA ကို ပြောပါတယ်။

“လက်နက်ကြီးသံတွေကတော့ ကြားနေရတုန်းပဲ၊ အခြေအနေကတော့ မငြိမ်ဘူးပဲ ပြောရမှာပေါ့နော်။ တိုက်ပွဲတွေတော့ နည်းနည်းတော့ ကြဲလာပါပြီ။ စိပ်စိပ်လေးဖြစ်တာမျိုးတွေတော့ သိပ်မရှိတော့ပဲနဲ့ လက်နက်ကြီး ပစ်တာမျိုးတွေတော့ ခပ်စိတ်စိတ်ပဲ။ (တိုက်ပွဲ) အရှေ့ဖက်ခြမ်းက ပိုဖြစ်တယ်။ လက်နက်ကြီးကတော့ အရှေ့ရော အနောက်ရောပစ်တယ်။”

အလားတူဘဲ ပြီးခဲ့တဲ့ မတ်လတည်းက တိုက်ပွဲပြင်ထန်းခဲ့တဲ့ ပင်လောင်းမြို့နယ် နမ်းနိမ်းကျေးရွာ တဝိုက်မှာ ခုချိန်ထိ သေနတ်သံတွေ ကြားနေရတဲ့ အကြောင်း စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။


“အခြေအနေက ငြိမ်တချက်၊ မငြိမ်တချက်ဖြစ်နေတာ သိပ်မပြန်ရဲသေးဘူး၊ လုံးလုံးမငြိမ်သေးဘူး။ သူတို့ကလည်း သေနတ်သံက ကြားလိုက် ဟိုဥစ္စာဖြစ်လိုက်နဲ့ မပြန်ရဲကြသေးဘူးလေ။ (စစ်ရှောင်အတွက်)အစားအသောက်တော့ နည်းနည်းရက်ရှည်တော့ သိပ်အဆင်မပြေသလို ဖြစ်နေတာပေ့ါ ဒီမှာကတော့။ ဒီဖက်ကတော့ မိုးခေါင်းတယ်ဆိုတော့ ရေကတော့ နည်းနည်းအခက်အခဲရှိတာပေါ့။”

တိုက်ပွဲအတွင်းမှာ ပါဝင် တိုက်ခိုက်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ တဦးကတော့ ပြင်းထန်တဲ့ ပစ်ခတ်မှုမျိုးမဟုတ်ဘဲ တိုက်ပွဲငယ်လောက်ဘဲ အမြဲတမ်းလိုလို ဖြစ်ပွားနေတာလို့ ပြောပါတယ်။

“နည်းနည်းပါးပါး ပစ်ခတ်တာတော့ ရှိတယ်ပေါ့နော်၊ ကြီးကြီးမားမားတော့ မဖြစ်ဘူးပေါ့နော်၊ အဲ့လိုမျိုး အခြေအနေမှာရှိတယ်။ အနည်းအကျဉ်းပစ်ခတ်တာတော့ ပစ်ခတ်တာလောက်ပဲ ရှိတာပေါ့နော်။ သူ့ဖက် ကိုယ့်ဖက်က ကိုယ့်ဖက်လည်း သူ့ကျော်မတက်လာဖို့၊ သူ့ဖက်လည်း ကိုယ်လည်း ဆက်မတိုးဖို့ပေါ့နော်၊ အဲ့လိုမျိုးအနေအထား တစ်ဖက်နဲ့ တစ်ဖက် ရင်ဆိုင်တဲ့အနေအထား၊ အဲ့လောက်ပဲ ရှိတယ်ပေါ့။ အဲ့ဖက်မှာကျတော့ များတယ်ပေါ့နော်။ တောင်စလုံးတို့ အဲ့ဖက်မှာလေ အဲ့ဖက်မှာကျတော့ ၃ ၊ ၄ နေရာလောက် သူတို့လည်း နေရာ ယူထားတယ်ပေါ့နော်။”

တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီဘက် ၃ နေရာ ၊ ၄ နေရာလောက် တပ်စွဲထားပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ် တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံ၊ တောင်စလုံး၊ မြောက်စလုံး​ကျေးရွာနဲ့​ နမ်းနိန်း ကျေးရွာတို့က လူဦးရေ ၆,၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG