သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း−ကယားနယ်စပ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား မတ်လအတွင်း တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ခဲ့


ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)

ရှမ်း-ကယားနယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား မတ်လအတွင်းမှာ တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ တပ်တွေရဲ့ လက်ချက်နဲ့ သံဃာတော် ၃ ပါး အပါအဝင် အရပ်သားပြည်သူ ၂၅ ဦး ဖမ်းဆီး သတ်ဖြတ်ခံရသလို လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ သေဆုံး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၂၃၃ လုံး မီးလောင် ပျက်ဆီးခဲ့တယ်လို့ KNDF က မနေ့က ထုတ်ပြန်ပါတယ်။ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် စစ်ရှောင်ဒေသခံတွေ မကြာခဏ ပြောင်းရွှေ့နေရတာမို့ အကြီးအကျယ် ဒုက္ခရောက်နေကြရတာကြောင့် လက်နက်မဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်ခတ်တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ ဒေသခံတွေက တောင်းဆိုထားတဲ့အကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က တင်ပြပေးထားပါတယ်။

မတ်လအတွင်း ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် လွှိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်း စတဲ့ မြို့နယ်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းထဲက ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မျက်နှာ ၅ ခုဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအတွက် မတ်လ တစ်လအတွင်းမှာ တိုက်ပွဲ အကြိမ်ရေ ၁၀၀ ကျော်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ လေကြောင်းက ပစ်ခတ်မှု ၆၆ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ KNDF က ပြောပါတယ်။

ဒီတိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းခွဲတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ ဖြစ်ကြတဲ့ ဘောလခဲ PDF ၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ DMO-PDF ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး အတူတကွ တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲအတွင်းမှာ KNDF ဘက်က ရဲဘော် ၁၂ဦး သေဆုံးသလို စစ်ကောင်စီတပ်သား ၂၈၁ ဦး သေဆုံးပြီး ၈၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို အရှင် ဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ VOA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒါနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် ၂၂၈ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဘုန်းကြီးကျောင်း ၂ကျောင်း၊ စာသင်ကျောင်း (၃)ကျောင်း ထိခိုက် ပျက်ဆီးခဲ့ကြောင်း ၊ စစ်ကောင်စီကြောင့် သံဃာတော် ၃ပါး အပါအဝင် အရပ်သားပြည်သူ ၂၅ ဦး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရကြောင်းနဲ့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး အပြစ်မဲ့အရပ်သားပြည်သူ ၂၉ ဦး ထိခိုက်ခဲ့ရကြောင်း KNDF က ပြောထားပါတယ်။ စစ်ကောင်စီဘက်က လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက်နဲ့ ခဲယမ်းပစ္စည်းတွေ အပါအဝင် ဆက်သွယ်ရေးစက်တွေကိုလည်း သိမ်းဆည်းရမိကြောင်း KNDF က ပုံနှင့်တကွ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုပြီး ဦးတည်ချက်မဲ့ ရမ်းသမ်းပစ်ခတ်တာလို့ စစ်ရှောင်တွေက ပြောဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် အရပ်သားတွေ သေကြေထိခိုက်တာ အိုးအိမ်ပျက်စီးတာ အကြီးအကျယ် ရင်ဆိုင် ကြုံတွေ့နေရတာပါ။

ဒါကြောင့် အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်တာ မလုပ်ကြဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်တဦးက ခုလို တောင်းဆိုထားပါတယ်။

“တောင်းဆိုချင်တဲ့ အဲ့စစ်အာဏာရှင်တွေကတော့ လက်နက်ကြီးတွေ ဘာတွေ သူတို့က မသက်ဆိုင်တဲ့နေရာ မပစ်တာတော့ အဲ့တခုတော့ တောင်းဆိုချင်တာပေါ့နော်။ မဆိုင်တဲ့နေရာဆိုလည်း အကုန်လုံးပစ်တာပဲ။ စစ်ရှောင်တွေဆို ဘာမှမဆိုင်ဘူးလေ။ သူတို့ကြောင့် စစ်ရှောင်ရတာကြီး။ အဲ့ဒါသူတို့ကြောင့် စစ်ရှောင်ရတဲ့ နေရာကို မသက်ဆိုင်တဲ့နေရာ လက်နက်ကြီးထုတော့ လက်နက်မရှိတော့ ဘာမှ ပြန်လုပ်လို့မရ၊ အဲ့လိုမျိုးဖြစ်တယ်ပေါ့။ အမြန်ဆုံး အိမ်ပြန်ရောက်ချင်တယ်၊ ငြိမ်းချမ်းတာပဲ လိုချင်တယ်။”

နောက်ထပ်စစ်ရှောင်တဦးကတော့ ပစ်ခတ်တိုက်ခိုက်မှုကြားထဲ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဘဝနဲ့ ပြောင်းရွှေ့နေထိုင်နေရတာမို့ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြန်တော့ပြန်ချင်တယ်၊ နောက် ဟိုအစကတည်းက အခုထိ နှစ်နှစ်လောက်ရှိပြီ။ တစ်နေရာပြီး တစ်နေရာ ကျနော်တို့ ပြောင်းသွားနေခဲ့တယ်။ သိပ်ဝမ်းနည်းနေတယ်၊ သိပ်မပျော်တော့ဘူး၊ တရားပဲ အားကိုးနေတယ်။ ကျနော်တို့ မျှော်လင့်တာကတော့ ဟို…နိုင်ငံတကာက သူတို့ကြည့်တာကတော့ ပျော်လို့လား၊ မကူညီတော့ဘူးလား ထင်တယ်၊ ဝမ်းနည်းတယ်။ (နေရပ်) ပြန်နေတာတော့ အကုန်လုံးပြန်နေချင်တယ်။ ဘယ်သူမှ ဟိုရွှေ့ ဒီရွှေ့၊ ဟိုသွား ဒီသွားလည်း မသွားချင်တော့ဘူး။ အလုပ်တွေပျက်၊ အိုးပျက်၊ လယ်ပျက်၊ ယာပျက် ဆိုတော့ နှမျှောတယ်လေ။”

လက်နက်ကြီးကြောင့် နေအိမ်တွေ ပျက်စီး၊ စားရေးသောက်ရေးက ခက်ခဲကြပ်တည်းလို့ ဒေသခံတွေ စိတ်ဒုက္ခ သောကတွေ ဖြစ်နေကြပါတယ်။

“နေအိမ်ပျက်စီးတာတော့ ကျမတို့ အိမ်လည်း ပျက်စီးတယ်။ နောက် ညီမအိမ်လည်း ပျက်စီးတယ်။ နောက်ဒီလိုမျိုး သွားလာနေတာလည်း ဒုက္ခရောက်တယ်။ ငွေရေးကြေးရေးလည်း ကုန်တယ်။ ပြီးတော့ အလုပ်မရှိ ဘာမရှိနဲ့ဆိုရင်တော့ ကျမတို့အတွက် စိတ်ဒုက္ခ တအား ရောက်တယ်ပေါ့နော်။ တစ်နေရာနဲ့ တစ်နေရာ သွားနေလည်း ကိုယ့်ရဲ့ နေအိမ်မဟုတ်တဲ့အခါကျတော့ အခက်အခဲ အများကြီးပဲ။ တစ်နေရာ သွားနေလိုက် တဲထိုးလိုက်၊ နောက်တစ်နေရာ ထပ်ရွှေ့လိုက် တဲထိုးလိုက်၊ အဲ့လိုမျိုးပေါ့ စိတ်ဒုက္ခတွေလည်း တအားရောက်တယ်။”

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လျက်ရှိပြီး နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ KNDF က ပြောပါတယ်။

စစ်ရေးပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေ ဆက်လက် တိမ်းရှောင်နေကြရပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေရဖို့ နိုင်ငံတကာရဲ့ အကူအညီတွေလည်း စစ်ဘေးရှောင်တွေက မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













လကျနကျကွီးကွောင့ျ နအေိမျတှေ ပကြျစီး၊ စားရေးသောကျရေးက ခကျခဲကွပျတညျးလို့ ဒသေခံတှေ စိတျဒုက်ခ သောကတှေ ဖွဈနကွေပါတယျ။




XS
SM
MD
LG