မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုပေါင်း ၆၀ ကျော်အထိ ရှိခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီလ မတ်လ အစောပိုင်းတုန်းကဆိုရင် စစ်ကိုင်းတိုင်း တာတိုင်ရွာမှာ အရပ်သား ၁၇ ဦးနဲ့ ရှမ်းပြည်နယ် ပင်လောင်းဒေသက နမ်းနိမ်းရွာမှာ အရပ်သား ၃၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။
စစ်ကောင်စီလက်အောက်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဘာကြောင့် ဆိုးဆိုးရွားရွားဖြစ်နေသလဲ။ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ၊ အထောက်အထား မှတ်တမ်းပြုစုနေသူတွေရဲ့ပြောဆိုချက်တွေကို ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
"ဒီနေရာမှာတော့ ရွာသားတွေကို ကျနော်တို့ရဲ့ မှတ်တမ်းမှတ်ရာမှာတော့ စစ်ကောင်စီရဲ့ သတ်ဖြတ်မှု ဖြစ်တယ်။ ဘာဖြစ်လို့လဲ ပစ်ထားတဲ့ ကျည်ဆံတွေ၊ သတ်ဖြတ်လိုက်တဲ့ အခြေအနေအားလုံးသည် အရပ်သားတွေကို ရက်ရက်စက်စက် ကျောင်းရဲ့နံရံနောက်မှာ ထုနှက်ထောင်းထားတယ်။ ဆေးမှတ်တမ်းတွေအရ သူတို့ရဲ့ ကျောကုန်းတွေမှာ ခြစ်ရာတွေ၊ ဆေးလိပ်မီးတို့ထားတဲ့အရာတွေ။ တချို့ရဲ့ ခြေသလုံးမှာဆိုရင်တော့ ရိုက်ချိုးထားအရာတွေ။ လက်တွေမှာဆိုရင် ရိုက်ချိုးထားတဲ့အရာတွေကို ကျနော်တို့ တွေ့ရှိရထားတယ်။ အဲဒါကြောင့်မို့ သူတို့တွေက ရက်ရက်စက်စက် နှိပ်စက်ခံရတယ်။ ပြီးတော့ ခေါင်းတွေမှာနဲ့ တချို့ဆို ပါးစပ်ကိုတေ့ပြီးမှ ပစ်သတ်ခံရတဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်။ ဒါကတော့ ဆရာဝန်တွေက identify လုပ်ထားတဲ့ အရုပ်လောင်းတွေကို တွေ့ရပါတယ်။"
ဒါကတော့ နမ်းနိမ်းကျေးရွာ ဘုန်းကြီးကျောင်းမှာ မတ်လ (၁၁) ရက်နေ့က သံဃာတော် သုံးပါးအပါအဝင် အရပ်သား ၂၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာကို တွေ့ရှိခဲ့တဲ့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဥက္ကဌ ခွန်ဘီဒူးက ပြောသွားတာပါ။ ခွန်ဘီဒူးရဲ့ ပြောကြားချက်ထဲမှာ ပစ်သတ်ခံရသူတွေနားမှာ တွေ့ရှိရတဲ့ ကျည်ဆံတွေဟာ မြန်မာစစ်တပ်သုံးတဲ့ ကျည်ဆံအမျိုးအစားတွေ ဖြစ်တဲ့အတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် စစ်တပ်က နမ်းနိမ်းကျေးရွာကနေ ထွက်ခွာသွားပြီးနောက် မတ်လ (၁၂)ရက်နေ့မှာ KNDF နဲ့ ဒေသခံ ပအို့တိုင်းရင်းသား PDF တပ်ဖွဲ့တွေဟာ ဘုန်းကြီးကျောင်းကို ရောက်ရှိလာပြီး အရပ်သားတွေ သတ်ဖြတ်ခံထားရတာကို တွေ့ခဲ့ရတယ်လို့ ခွန်ဘီဒူးက ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နမ်းနိမ်းဘုန်းကြီးကျောင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပေမယ့် အဖွဲ့အချင်းချင်းလုပ်ရပ်သာဖြစ်ပြီး တပ်မတော်ကို စွပ်စွဲတာသာဖြစ်တယ်လို့ ဗွီအိုအေကို မတ်လ ၁၂ ရက်နေ့က အခုလို တုံ့ပြန်ခဲ့ပါတယ်။
"မတ်လဆန်း၊ ဖေဖေါ်ဝါရီလကုန်လောက်ကစပြီး KNPP, KNDF ဒီအဖွဲ့တွေကတော့ အကြမ်းဖက်အဖွဲ့တွေကတော့ ပအို့ဝ်ဒေသဘက်မှာ ပိုပြီးတော့ အဖျက်မှောက်လုပ်ငန်းတွေ လုပ်လာတာကို တွေ့ရတယ်။ နိုင်ငံတော်ရဲ့ တရားဝင်အဖွဲ့အစည်းဖြစ်တဲ့ ပအို့ဝ်ပြည်သူ့စစ်တွေ၊ ပအို့ဝ်ဒေသမှာရှိတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးနဲ့ တရားဥပဒေ စိုမိုးရေးတွေ ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ အဲဒီမှာတော့ ပင်လောင်း၊ ဆောင်းပြောင်းဒေသ နမ်းနိမ်းရွာ - အဲဒီမှာ တချို့သော ပအို့ဝ်ခွဲထွက်အဖွဲ့တွေနဲ့ KNDF အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရတယ်။ အဲဒီမှာတော့ ၉ ရက်နေ့မှာဖြစ်တဲ့ ဖြစ်စဉ်တချို့ ရှိခဲ့တယ်။ တပ်မတော်အနေနဲ့ လုံခြုံရေးဆောင်ရွက်နေတာဖြစ်တယ်။ အချင်းချင်းဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီမှာ သေဆုံးမှုတွေတချို့လည်း ရှိတာကို ကျနော်တို့ သိရပါတယ်။ ဒီကိစ္စတွေ၊ တချို့သောကိစ္စတွေက အချင်းချင်းဖြစ်ပြီးတော့ တပ်မတော်ကနေ လုပ်ခဲ့တယ်ဆိုတာမျိုးလည်း ပြောခဲ့တာ ရှိပါတယ်။"
အခုလို ဗိုလ်ချုပ်ဇော်မင်းထွန်း တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ KNDF ဥက္ကဌ ခွန်ဘီဒူးရဲ့ အမြင်ကတော့ -
"ဗိုလ်ချုပ်ဇော်မင်းထွန်းက အမျိုးမျိုးပြောနေတယ်။ ဇော်မဲလုံးက တခုနဲ့တခု ပြောတဲ့ဟာတွေက မကိုက်ညီဘူး။ လိမ်တဲ့ဟာတွေက တခုပြီးတခု ပေါ်နေတဲ့ အနေအထားမျိုးပဲ ပေါ်လွှင်တယ်။ အခုနောက်ဆုံးတော့ သူတို့ သတ်လိုက်တယ်ပြောပြီးမှ နောက်အင်တာဗျူးတခုမှာတော့ KNDF က သတ်တယ်လို့ ပြောတယ်။ နောက်တခုကတော့ အချင်းချင်းသတ်ဖြတ်ကြတယ်ဆိုတဲ့ဟာမျိုးတွေ အမျိုးမျိုးပြောနေတဲ့ပေါ်မှာ အင်မတန်မှ အချက်အလက်ပေါ်မှာပြောတာ မဟုတ်ဘဲနဲ့ လိမ်လည်ပြောဖို့ ကြိုးစားတာမျိုး ဖြစ်နေတယ်။ ဒီကိစ္စမှာတော့ စစ်ကောင်စီဘက်က လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ ကျနော်တို့ သိရှိထားတယ်။ စစ်ကောင်စီဘက်က တပ်မ၊ တပ်ရင်း သူတို့ကျန်ခဲ့တဲ့ အင်္ကျီတွေအနေအထားကိုကြည့်ရင်တော့ စစ်ကောင်စီဘက်က ကျေးရွာထဲဝင်ရောက်လာပြီးမှ သတ်ဖြတ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ နောက်တခုကတော့ ဒီလိုသတ်ဖြတ်မှုကို ကျနော်တို့က လုပ်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျေးရွာဘက်သားတွေ ဖြစ်တယ်။ ကရင်နီနဲ့ ပအို့ဝ်တွေက အတူတူပဲ ယှဉ်တွဲနေထိုင်ကြတဲ့လူတွေ ဖြစ်တယ်။"
စစ်ကောင်စီရဲ့ Telegram account မှာလည်း နမ်းနိမ်းကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ ဓါတ်ပုံတွေကို KNDF နဲ့ အခြားဒေသခံအဖွဲ့အစည်းတွေ မထုတ်ပြန်ခင်၊ အစောဆုံး တင်ထားခဲ့တာကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ သီတင်းတပတ်လောက်မှာ နမ်းနိမ်းရွာအနီး နယ်မြေတဝိုက်မှာ စစ်တပ်ဟာ KNDF နဲ့ မဟာမိတ်ဒေသခံ ပအို့ဝ် PDF တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အရပ်သားတွေကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ သူတို့ဘက်က အရပ်သားတွေကို အကာအကွယ်ပေးတဲ့အနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ရတာလို့ ခွန်ဘီဒူးက ဆိုပါတယ်။
ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခုလို အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ပအို့ဝ်အမျိုးသားများအဖွဲ့ PNO ဦးဆောင်ပြီး တောင်ကြီးမြို့မှာ မတ်လ (၁၅) ရက်နေ့က ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ KNDF နဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ လက်ချက်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခွန်ဘီးဒူးက အခုလို တုံ့ပြန်ပါတယ်။
"ဒီနေ့ဒီချိန်မှာတော့ အာဏာရှင်လက်ထက်မှာတော့ ဘယ်သူမှ ဆန္ဒပြခွင့် မရတဲ့အချိန်မှာ ဒီအဖွဲ့အစည်းတွေ ပြည်သူ့စစ်နဲ့အတူ ဆန္ဒပြခွင့်ရတာ အံ့သြစရာ ဖြစ်တယ်။ အထောက်အထားမပါဘဲနဲ့ စွပ်စွဲချက်တွေပါတဲ့အရာတွေကိုပဲ ဒီရက်မှာ ကြွေးကြော်မှုတွေကို တွေ့ရတယ်။ ကျနော်တို့ဘက်မှာတော့ ရဲမှုခင်း၊ ရဲအထောက်အထားတွေကော ဆရာဝန်ရဲ့ အထောက်အထားတွေကော။ နောက် ကျေးရွာဘက်မှာ ကျနော်တို့ ဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာ တွေ့ရှိထားတဲ့ အလောင်းတွေအားလုံး ကျနော်တို့ ဗီဒီယိုမှတ်တမ်းတွေ ရှိတယ်။ ကျေးရွာတွေကို ဗုံးကျဲတာကလည်း စစ်ကောင်စီ ဖြစ်တယ်။ အဲဒီ ဗီဒီယိုမှတ်တမ်းတွေအားလုံးလည်း ရှိတယ်။ ပြီးရင် စစ်ကောင်စီဘက်က ကျနော်တို့နဲ့ကြားမှာ တိုက်ပွဲဖြစ်ပြီးမှ ကျန်ခဲ့တဲ့ သူတို့ရဲ့ Badge တံဆိပ်တွေ၊ သူတို့ရဲ့ ဦးထုပ်တွေကနေ သက်သေအများကြီး ဖော်ထုတ်နိုင်တယ်။ အလောင်းကိုယ်ပေါ်မှာ ရောက်နေတဲ့ ကျည်ဆံတွေ အမျိုးအစားတွေဖြစ်တဲ့ စစ်ကောင်စီရဲ့ ကပစကျည်ဆံအခွံတွေက အလောင်းတွေဘေးမှကျပြီးမှ ကျည်ဆံတွေကတော့ ကိုယ်ထဲမှာ ကျန်ခဲ့တာတွေကိုလည်း ဖော်ထုတ်တွေ့ရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဟာတွေအားလုံးက ကျနော်တို့မှာ ခိုင်လုံတဲ့အထောက်အထား ရှိတယ်။ ဒီထက်ပို စုံစမ်းစစ်ဆေးနိုင်ဖို့လည်း ကျနော်တို့ အချိန်မရွေး ချပြနိုင်ပါတယ်။"
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ၊ လက်နက်ကိုင်တော်လှန်နေတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီဘက်ကလည်း အင်အားသုံးနှိမ်းနင်းနေရာမှာ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဖရူးဆိုမြို့နယ် ဒီမောဆိုဘက်မှာ ကားပေါင်း ၈ စင်းနီးပါးကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့သလို အရပ်သား ၃၅ ယောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုမှာလည်း အရှင်လတ်လတ်မီးရှို့သတ်ခဲ့တယ်လို့ ယူဆကြောင်း ခွန်ဘီဒူးက ဗွီအိုအေကို ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သူတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ဒီနှစ် မတ်လအစောပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးဘက်က စစ်ကိုင်းနဲ့ မြင်းမူမြို့နယ်တွေဘက်မှာလည်း အရပ်သားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေရှိခဲ့ပြီး အထူးသဖြင့် မတ်လ (၁) ရက်နေ့က စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ တာတိုင်ကျေးရွာမှာ အရပ်သား ၁၇ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ဓါတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ မြင်တွေ့ခဲ့ကြရတာပါ။ အဲဒီထဲမှာ စစ်ကောင်စီတပ်တွေ ဓါးစားခံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အမျိုးသမီး (၃)ဦးဟာ သတ်ဖြတ်ခြင်းမခံရခင်မှာ မတရားပြုကျင့်ခံခဲ့ရတဲ့ အနေအထားတွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။ အဲဒီထဲက အသက် ၄၃ နှစ်အရွယ် မဆွေဆွေဦးရဲ့ ခင်ပွန်းဖြစ်သူ ကိုမောင်ဇော်က သူ့အမျိုးသမီးရုပ်အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့အခြေအနေကို ဗွီအိုအေကို အခုလိုပြောပြပါတယ်။
"ကျနော့်မျက်စိနဲ့ မြင်ခဲ့တာ သူ့ရဲ့အတွင်းဘော်လီ ပြုတ်တဲ့ဟာတွေတွေ့တယ်။ လက်နဲ့ကုတ်တဲ့ဟာတွေလည်း တွေ့တယ်။ ကျနော့်အမျိုးသမီးရဲ့ နို့တွေမှာ မရှက်တမ်းပြောရရင်တော့၊ နို့တွေမှာလည်း လက်ကုတ်ရတွေတွေ့တယ်။ အောက်မှာလည်း သူ့ထမီးမှာလည်း သုတ်ရည်တွေပွနေတယ်။ ကျနော့်အမျိုးသမီးကို အဲဒီလိုလုပ်တာ ကျနော့်ရင်ထဲမှာ ဘယ်လိုမှ မကျေနပ်အောင် ဖြစ်နေတာ။ ဘယ်လိုမှ စိတ်ထဲက မကျေနပ်ဘူး။ အခု တော်တော်လေး စိတ်ဆင်းရဲတယ်။ ကျနော့်မိန်းမလည်း ဆုံးသွားတယ်။ ကျနော့်သားသမီးတွေနဲ့ ဘယ်လိုနေထိုင်သွားမလဲဆိုတာကို စဉ်းစားနေတယ်။ ကျနော်တို့ လုပ်ရတာလည်း ငါးဖမ်းလုပ်ငန်း၊ တနေ့လုပ်မှ တနေ့စားရတာ။ တောင်သူလုပ်တာလဲ မတောက်တခေါက်လေးတွေ။ ပဲလေးကျဲမှ သုံးလေးတောင်းလောက်ရတာ။ သားသမီးတွေနဲ့ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာကို တွေးမိတိုင်း အိပ်လို့လည်းမရ၊ စားလို့လည်းမရ ဖြစ်နေတယ်။"
ကျန်ရစ်သူ သားသမီးသုံးဦးလည်း လက်ရှိဘေးလွတ်ရာ တောတောင်တွေထဲမှာ ပုန်းအောင်နေကြဆဲဖြစ်တယ်လို့လည်း ကိုမောင်ဇော်က ပြောပါတယ်။ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စတွေမှာ စစ်ကောင်စီဘက်က တုံ့ပြန်လေ့ရှိတာက နှစ်ဘက်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်တဲ့အတွက် တန်ပြန်နှိမ်နင်းတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အခုလို အရပ်သားတွေနေတဲ့နေရာတွေမှာ မြန်မာစစ်တပ်က အပြင်းအထန်အင်အားသုံး တိုက်ခိုက်နေမှုကို စစ်ရာဇဝတ်ကျူးလွန်မှုအဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ထောက်ပြပြောဆိုထားတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ငါးဦးထက်ပိုပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ ၆၄ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။
"ပထမဦးဆုံးကတော့ အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်အမျိုးမျိုးတော့ ရှိနိုင်ပါတယ်။ ပထမဦးဆုံးကတော့ အခုလိုမျိုး (၂) နှစ်ကျော်တဲ့အထိ လက်နက်ဆွဲကိုင်ပြီးတော့ တိုက်ပွဲဝင်နေတဲ့သူတွေ နည်းအမျိုးစုံနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အင်အားစုတွေကို မင်းတို့ကို ငါတို့ အသေသတ်မယ်ဆိုတဲ့၊ ဒါမှမဟုတ် တွေ့သမျှလူ အကုန်လုံးကို ချေမှုန်းမယ်ဆိုတဲ့အသံ ထုတ်လိုက်တာ ဖြစ်ပါတယ်။ "
မေး ။ ။ အဲဒီတော့ NUG ကိုယ်တိုင်ကလည်း ဒီလိုဆိုးရွားလှတဲ့ အခြေအနေတွေကို ကိုယ်တိုင်တွေ့ကြုံလာတဲ့လူတွေ၊ အသက်မသေဘဲ လွတ်မြောက်လာတဲ့ လူတွေနဲ့ မေးမြန်းထားတာတွေလည်း ရှိတဲ့အခါကြတော့ ဒီလို သူတို့ဖြစ်ခဲ့ရတဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ တရားမျှတမှုဆိုတဲ့ မျှော်လင့်ချက်၊ သူတို့ဘက်က မျှော်လင့်ချက်တွေကော ဘယ်လိုတွေ့ရသလဲ။ ဘယ်လောက်အထိရဖို့ ရှိမလဲရှင့်။
ဖြေ ။ ။ ကြုံတွေ့တဲ့လူတွေနဲ့ တွေ့ဆုံတိုင်း ကျနော်တို့မှာ သတင်းအချက်အလက်တွေ ရရှိတာ၊ ကျနော်တို့အတွက် အကျိုးတခုပါ။ နောက်တခုက ကျနော်တို့ ဘာတွေ့ရသလဲဆိုတော့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် အခုနလို ရွာမီးရှို့ခံ မိသားစုတွေ သေဆုံးသွားလို့၊ အကြမ်းဖက်စစ်ကောင်စီက မျှော်မှန်းထားသလို၊ စိတ်ဓါတ်တွေ ယိမ်းယိုင်းသွားမလားဆိုတာ လုံးဝမရှိပါဘူး။ သူတို့တွေရဲ့ ပြောကြားတဲ့အချက်က ကျနော်တို့အတွက် ပိုတောင်အားရှိတယ်။ ဘာလဲဆိုတော့ ဒီလိုမျိုး ဖိနှိပ်လေ၊ ပိုမိုပြီးတော့ တွန်းလှန်လေလေ ဖြစ်တယ်ဆိုတဲ့ အညာသူအညာသားတွေရဲ့ ရဲရဲတောက်စကားတွေ၊ တိုင်းရင်းသူ တိုင်းရင်းသားတွေရဲ့ ပြောကြားတဲ့အချက်တွေက သူတို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ဖော်ပြနေသလို၊ အကြမ်းဖက်စစ်ကောင်စီက ငါတို့ အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး အုပ်ချုပ်ရင် ကြောက်သွားမယ်ဆိုတဲ့ တွက်ကိန်းက မှားယွင်းတယ်ဆိုတာကို ပြပါတယ်။ အဲဒီတော့ အကြမ်းဖက်စစ်ကောင်စီက ဘယ်လောက်အထိ အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားကြိုးစား ပြည်သူတွေကတော့ အခုနလို ဖြစ်တဲ့ကိစ္စတွေကို ပြန်လည်တွန်းလှန်ဖို့ စိတ်ဓါတ် အခုအချိန်အထိ ဆက်လက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ မျှော်လင့်ချက်က ဘာလဲ။ အရေးတကြီး မျှော်လင့်ချက်ကတော့ အခုလိုမျိုး ရက်ရက်စက်စက် လူ့အခွင့်အရေးတင်မကဘူး၊ ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ဆိုတဲ့ immediate action အဲဒါကို တောင်းပါတယ်။ အခုကာလမှာ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့အတွက် အခက်အခဲရှိတာ သူတို့သိတယ်။ ဒါပေမဲ့ တချိန်ချိန်မှာ အရိုးတွန်းတဲ့အချိန်မှာ အမှန်တရား ဖော်ဆောင်ပေးဖို့အတွက် သူတို့ဘက်က အရမ်းလိုအပ်ပါတယ်။ နောက်ပိုင်း ဒါတွေ မဖြစ်ဖို့အတွက် အကြမ်းဖက်စစ်ကောင်စီဆိုတဲ့ institution တခုက မြန်မာနိုင်ငံမှာ မရှိဖို့အတွက် ပြည်သူတွေကို ကာကွယ်ပေးတဲ့ စစ်တပ်ပဲ လိုချင်တယ်။ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်တပ် မလိုချင်ဘူး။ ဒါကို အနာဂတ်မှာ အာမခံပေးပါဆိုတဲ့ မျှော်လင့်ချက်တွေကို တွေ့ရပါတယ်။
======Unicode ========