သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းနဲ့ ကရင်နီဒေသ ဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ ရေအခက်ကြုံ


ဒီမော့ဆိုမြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တချို့
ဒီမော့ဆိုမြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တချို့

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ရှမ်း-ကယားဘက်က အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စားရေးသောက်ရေးနဲ့ သောက်သုံးရေ အခက်အခဲဖြစ်နေကြတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြပေးပါမယ်။

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဘောလခဲမြို့နယ်က ဒေသခံ အများစုက တိုက်ပွဲကြောင့် ခုချိန်ထိ နေရပ်ပြန်နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ အရင်ကထက် စစ်ပြေးဒုက္ခသည် အရေအတွက် မြင့်တက်လာတာလို့ စစ်ရှောင်တဦးက VOA ကို ပြောပါတယ်။ စစ်ရှောင်အများစုက အလှူရှင်ကိုပဲ အားထားနေရတာကြောင့် အရင်ကထက် ပိုမိုခက်ခဲကြပ်တည်းလာကြတယ်လို့ ပြောပါတယ်။

“စားရေးသောက်ရေးအနေနဲ့ကတော့ အလှူရှင်ကိုပဲ အဓိကမှီခိုအားထားနေရတယ်၊ စားတာကတော့ ထမင်းတွေကတော့ နပ်မှန်အောင်တော့ စားလို့ရတဲ့အနေအထားမျိုးမှာ ရှိတယ်ဗျဟုတ်၊ ဒါမယ့် တခြားဟင်းအမယ်တွေကျတော့ အဲ့လိုမျိုး စုံစုံလင်လင် စားရတာမျိုးတော့ အင်မတန်ရှားတယ်ဗျ ဟုတ်၊ ဒီနောက်ပိုင်းကတော့ ဆန်တွေဘာတွေလည်း လုံလုံလောက်လောက် လှူပေးတာမျိုး မရှိတော့ဘူးဗျ ဟုတ်။”

လက်ရှိမှာ သောက်သုံးရေအခက်အခဲတွေ အကြီးအကျယ်ရင်ဆိုင်နေရတာမို့ နေ့စဉ်ရေမချိုးနိုင်တဲ့ အခြေအနေလည်း ရှိနေပြီး အဖုအပိတ်တွေ ယားယံတာတွေ စတဲ့အရေပြားရောဂါလည်း ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အခုတလော ဒီးမော့ဆိုမြို့နယ်မှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျလို့ စစ်ရှောင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခုလို ပြောပါတယ်။

“ငြိမ်သွားတယ်လို့တော့ မဟုတ်ဘူးဗျ၊ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတုန်းပဲဗျ၊ ပြီးခဲ့တဲ့ ၃ရက်လောက်ကတော့ စစ်ရှောင်စခန်းတခုကို ဦးတည်ပြီးတော့ ပစ်တာပေါ့နော်၊ လေးလုံးကျတယ် အဲ့ဒါ စစ်ရှောင်တစ်ယောက်တော့ ထိခိုက်သွားတယ်ဗျ။ ဒီတစ်ရက် နှစ်ရက်ကတော့ မပြောတတ်ဘူးဗျ လက်နက်ကြီးကတော့ ကြားနေတယ် ဘယ်ဘက်ကိုပစ်လို့ပစ်မှန်းမသိဘူးဗျ တိုက်ပွဲရှိလို့ ပစ်တာမျိုးတော့ မဟုတ်ဘူးဗျ။”

ဒါ့အပြင် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာတဝိုက်က ရွာသူရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲက စစ်ကောင်စီရဲ့ မက်စလောင်းတောင်ကုန်း စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က အင်အားထပ်ချဲ့ပြီး ခုချိန်ထိ ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေလည်း အင်မတန် ပစ်ခတ်နေတာလို့ နန်းဖဲရွာခံတစ်ဦးက ခုလို ပြောပါတယ်။

“မပြန်နိုင်သေးဘူး၊ အဲ့ဒီ ၂၀ရက်နေ့မှာ ဖြစ်ပြီးကတည်းကကိုလေ နောက်တစ်ရက် စခန်းသိမ်းပြီးတော့ နောက်တစ်ရက်ကို ၂၀ ရက်နေ့ စစ်ကောင်စီတွေ ပြန်လာတယ်၊ အင်အားထပ်ဖြည့်တာပေါ့ တောက်လျှောက် အခု ၂ ရက်ခြားတစ်ခါ ၃ ရက်ခြားတခါ တိုက်ပွဲတော့ ဖြစ်နေတယ်၊ စစ်ကြောင်းတွေလည်း ထိုးတယ်၊ နောက်ပြီးတော့လည်း လက်နက်ကြီးတွေ တအားထုတော့ အခု ရွာလုံးကျွတ်တွေ သုံး လေးရွာ အဲ့နန်းဖဲနားက အနီးတဝိုက်ဆို တောမှာသွားပြေးအိပ်ကြတယ် နေ့ပိုင်းတော့ ပြန်လာနေကြတာပေါ့။”

အလားတူ နှစ်ဖက် တိုက်ပွဲပြင်ထန်းခဲ့တဲ့ ပင်လောင်းမြို့နယ်က ဒေသခံတွေလည်း ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဘေးလွတ်ရာကို ခိုလှုံနေကြတဲ့ စစ်ရှောင်တွေကို ဒေသခံ အလှူရှင်အဖွဲ့အစည်းတွေ ကူညီထားကြတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီမှာ သောက်သုံးရေ ရှားပုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ခက်ခဲတာတော့ ခက်ခဲတာပေါ့နော် အခုက နွေရာသီဆိုတော့ အဓိက ခက်ခဲတာတော့ ရေပေါ့နော် ရေက အရမ်းခက်ခဲတယ် နောက် သူတို့ရဲ့ ကျန်းမာရေးပေါ့ အဲ့ဒါလေးလည်း အခက်ခဲရှိမယ်၊ ဒီထက်ပိုကြာလာရင်တော့ ရေကတော့ အဆင်မပြေတော့ဘူးရှင့်။”

ရှမ်း-ကယာဘက်က စစ်ရှောင်တွေထဲ အများစုက အသက်ကြီးရင့်သူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ပါဝင်ပါတယ်။ အများစုက ချောင်းဆိုးတာ ဖျားနာတာတွေနဲ့ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေကြတာလို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။ တချို့က နှစ်တွေ လတွေနဲ့ချီ စစ်ဘေးရှောင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းမယ့်သူလည်း မရှိသလောက် နည်းပါးလာတယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG