သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေ


နောင်ချိုမြို့ Naung Cho city
နောင်ချိုမြို့ Naung Cho city

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ ဒီတိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်မယ့် အခြေအနေတွေ ရှိနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက သုံးသပ်ထားပါတယ်။ နောင်ချိုမြို့နယ်က လက်ရှိ တိုက်ပွဲအခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဒီလ ၅ရက်နေ့ကနေ ပြန်လည် စတင်ခဲ့ပြီး ဒီကနေ့အထိလည်း ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“အခုက နေ့လည်ကတော့ တော်မွန်းရွာသစ်နားမှာ ဖြစ်နေတယ်လို့ ပြောတယ်။ တော်မွန်း ရွာသစ်။ အခုကတော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့ ကြူကော်ဘက် ပစ်တယ်။ ကြူကော်ရွာထဲ လက်နက်ကြီးကျတယ်လို့ ကြားတယ်။ အခု တစ်နာရီကျော်တော့ အနောက်ဘက်ကို သူတို့ ပြန်ပစ်တယ်။ အနောက်ဘက်ကို ကျနော်တို့ သံဘိုဘက်ကို ကျမယ် ထင်တယ်။ သုံးဆယ်ဈေးကုန်း၊ မြို့တွင်းကနေ ပစ်တာ။ ဈေးကုန်းထဲကနေ ပစ်တာ။ လေယာဉ်တော့ ခုနကတော့ လာတော့ ဝဲနေတာပဲ။ လေယာဉ်ကတော့ ခေါက်တုံ့ ခေါက်ပြန်ဝဲနေတာပဲ။”

ကြူကော်ရွာထဲ လက်နက်ကြီးကျည်ကျတယ်လို့ ကြားသိရပေမဲ့ အထိအခိုက်သတင်း မရသေးရှိသေးကြောင်း ပြောပါတယ်။ ဒီလ ၅ရက်နေ့က တိုက်ပွဲတွေ စတင်ပြီးနောက် နောင်ချိုမြို့နယ်က ကျေးရွာ ၁၀ရွာလောက်က ဒေသခံတွေ တိမ်းရှောင်နေရကြောင်းလည်း ပြောပါတယ်။

“ဘယ်နှစ်ရွာလောက် ရှောင်ရလဲဆို ဟိုခိုရှိမယ်၊ ဟိုခဲရှိမယ်၊ တော်မွန်းရွာ၊ လွယ်ငင်းတို့၊ ဟိုးအရှေ့ဘက်ဆို နားနွဲ့တို့၊ ကောင်းဟုန်းတို့၊ အဲဘက်တွေရှိမယ်။ သုံးဆယ်လည်းရှောင်တယ်။ သုံးဆယ်မှာလည်း မရှိဘူး လူတွေက။ ပြင်ဦးလွင်နယ်စပ်ဘက်က တလျှောက်လုံးဆိုတော့ ခပ်များများတွေက ရှောင်နေရတာဆိုတော့ ခန့်မှန်ခြေဆိုရင် ၁၀ရွာလောက်တော့ အနည်းဆုံး ရှိမယ်ထင်တယ်နော။”

အခြားဒေသခံတစ်ဦးကလည်း တိမ်းရှောင်နေတဲ့ကျေးရွာတွေ အခြေအနေကို အခုလို ပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ ၇ရွာ၊ ၈ရွာလောက်တော့ ရှိမှာပေါ့။ ဟိုခိုအုပ်စုပေါ့။ သုံးဆယ် အုပ်စုပေါ့။ ပြီး သံဘို၊ သစ်ယားကုန်းအုပ်စုပေါ့။ အခုက လက်နက်ကြီး ထုတာက မနက်တည်းက မရပ်သေးဘူး။ သုံးဆယ်ဆိုတဲ့ ရွာကနေ အထိုင်ချပြီး ထုနေတာပေါ့။ စစ်ကောင်စီက။”

ဒေသခံရွာသားတွေဟာ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့တွေကို တိမ်းရှောင်တာတွေ ရှိသလို ဘေးလွတ်ရာအနီးအနား ကျေးရွာတွေကို တိမ်းရှောင်တာတွေ ရှိနေပြီး စာရင်းကောက်ယူနိုင်တာ မရှိသေးပါဘူး။

ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်လာဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။

“တိုက်ပွဲကတော့ ၅ရက်နေ့ကနေ စပြီး ဒီနေ့ထိတော့ ဖြစ်နေတုံးပဲဗျ။ ဖြစ်နေတာကတော့ နောင်ချိုမြို့နယ် နေရာတော်တော်များများမှာ ဖြစ်နေတယ်လို့ ပြောလို့ ရတယ်။ ဒီမနက်အထိကို စကစဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေတာတွေတော့ ရှိပါတယ်ဗျ။ မြေပြင်စစ်ကြောင်းတွေကတော့ သူတို့တက်ဖို့ ကြိုးစားနေတာတွေလည်း ရှိတယ်ဆိုတော့ တိုက်ပွဲကတော့ ပြင်းထန်ဖို့ပဲ ရှိပါတယ်ဗျ။”

ဒီလ ၇ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ်က မိုးကုတ်-ပြင်ဦးလွင်နဲ့ မိုးကုတ်-ကျောက်မဲ ကားလမ်းဆုံရာ လယ်ကြီးရွာက စစ်ကောင်စီစခန်းကို KIAနဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းဖြစ်ပွားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲသတင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိပါဘူး။ နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ ၂၀၂၂ခုနှစ် သြဂုတ်လအတွင်းကလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}














XS
SM
MD
LG