သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ခုံ−ပင်လောင်း နယ်စပ်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ထိုးစစ်မှာ မီးရှို့ခံရတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - KNDF/မတ်လ ၁၁၊ ၂၀၂၃)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ထိုးစစ်မှာ မီးရှို့ခံရတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - KNDF/မတ်လ ၁၁၊ ၂၀၂၃)

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်းနယ်စပ်ဘက်မှာ နေ့စဉ်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲလို့ KNDF က ပြောပါတယ်။ ရှမ်းကယားနယ်တခွင်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ အမြဲတမ်းရှိတာလို့ ရွာခံတွေက VOA ကို ပြောပါတယ်။ ခုရက်ပိုင်းအတွင်း ဒီးမော့ဆိုနယ်ဘက်မှာ တိုက်ပွဲငြိမ်နေပေမယ့် လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေတဲ့ အတွက် ဒေသခံတွေ နေရပ်မပြန်ရဲကြသေးပါဘူး။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရှမ်း-ကယားနယ်ဘက်မှာ စစ်ကောင်စီတပ်တွေ အင်းအားလုံးအရင်း ထိုးစစ်ဆင်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ထဲကနေ ခုချိန်ထိ နေ့တိုင်းလိုလို တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်း နယ်စပ်တွေမှာတော့ ရက်ဆက်တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက VOA ကို ပြောပါတယ်။

“အခု လတ်တလောက ဖယ်ခုံ−ပင်လောင်းပေါ့နော်၊ နယ်စပ်မှာတော့ ထိတွေ့မှုတွေတော့ ရှိတယ်၊ နေ့စဉ်ပေါ့လေ။ နေ့စဉ်၊ ဒါပေမယ့် တစ်နေ့ကုန်နီးပါး ပုံစံမျိုးတော့ မဟုတ်ဘူးဘဲနဲ့ မနက်ပိုင်းမှာ နည်းနည်းထိတွေ့မှု ဖြစ်လိုက် ပြန်ငြိမ်သွားလိုက်၊ ပြီးရင် နေ့လည်ဘက်မှာ ထပ်ဖြစ်လိုက် ငြိမ်သွားလိုက်၊ ညနေဘက်မှာဖြစ်လိုက် ငြိမ်သွားလိုက် အဲ့ပုံစံမျိုး။ ဒါမယ့် စစ်ကောင်စီက ပုံမှန်ပဲ လေကြောင်းနဲ့ လာပစ်တာမျိုးတော့၊ နောက် လက်နက်ကြီးပစ်တာမျိုးတို့ တောက်လျှောက် လုပ်နေတယ်ပေါ့နော်။ ဒီးမော့ဆိုဘက်မှာကျတော့ ဒီရက်ပိုင်းထဲမှာ တိုက်ပွဲလေး နည်းနည်း ငြိမ်နေတယ်ဗျ။ ဒါပေမယ့် စစ်ကောင်စီက ဒီလက်နက်ကြီးနဲ့ ပစ်တာမျိုး တောက်လျှောက်တော့ လုပ်နေတယ်။”

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဘက် ခုရက်ပိုင်းမှာ နှစ်ဖက် ထိတွေ့မှု တည်ငြိမ်နေပေမယ့် လက်နက်ကြီး ပစ်ခတ်မှုတွေက ဆက်ရှိနေတာပါ။ ဖယ်ခုံ-ပင်လောင်း နယ်စပ်ဘက်က တောင်မဲတင်းကျေးရွာ တောင်စလုံး၊ မြောက်စလုံးကျေးရွာဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ နှစ်ဖက် အထိအခိုက်တွေလည်း ရှိနေပါတယ်။ လတ်တလောတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

မိုးဗြဲအရှေ့ဘက်ခြမ်းဘက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသူရွာသားတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်ကြရတယ်လို့ ဒေသခံတစ်ဦးက ခုလို ပြောပါတယ်။

“အရှေ့ဘက်ကမ်း လယ်ထွန်းတို့ဘက်မှာ ဘာတိုက်ပွဲမှမရှိ ဘာမှမရှိဘဲနဲ့ အကြောင်းပြချက်မရှိ လက်နက်ကြီးတွေ ရက်တိုင်းလိုလိုထုနေတယ် ဒီတလော။ ဘာကြောင့်လဲတော့မသိဘူး။ အဲ့မှာ ရွာတွေက ပြေးနေရလိုက်၊ ရွာထဲမှာ ရွာသားတွေက ပြန်လာတယ် တစ်ရက်လောက် ပြန်လာတယ်ဆိုတော့ ညသန်ခေါင်းယံတွေ လှမ်းပစ်လိုက်၊ ပြည်သူတွေက ပြန်ပြေးကြနဲ့ အဲ့လိုဖြစ်နေတယ်။”

ဒီးမော့ဆိုမြို့နယ်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ တည်ငြိမ်စပြုနေပေမယ့် ဒေသခံတွေ နေရပ် မပြန်ရဲကြသေးပါဘူး။ စစ်ကောင်စီဘက်က တပ်ဆုတ်တာမရှိသေးလို့ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးသံနဲ့ ဆိုရင်တော့ စိတ်က တစ်ချိန်လုံး လန့်နေရတာပေါ့နော်။ ဟိုထုတဲ့ အသံကြားပြီးဆိုရင် ဘယ်မှာကျမလဲဆိုပြီးတော့ စောင့်ပြီးနားထောင်နေရတယ်၊ ကိုယ့်ဘက်ကျမလာ မသိဘူး ဘယ်ဘက်ကျမလဲမသိ အဲ့လိုမျိုးပေါ့။ အခုတော့ ငြိမ်နေတယ်ဆိုရင်တော့ ဒီလိုမျိုးငြိမ်နေတာက စိတ်ချမ်းသာတယ်။ နေအိမ်တော့ မပြန်ရဲသေးဘူး။”

ပင်လောင်းမြို့နယ်က လက်ရှိတိုက်ပွဲဖြစ်တဲ့ ဧရိယာအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ ၅၅ ၊ တပ်မ ၆၆ တို့ လှုပ်ရှားနေပြီး ဒီးမော့ဆိုနယ်ဘက်မှာ တပ်မ ၇၇ ၊ တပ် ၆၆ တွေ အရင်ထဲက လှုပ်ရှားနေတယ်လို့ ကာကွယ်ရေးတပ်တွေက VOA ကို ပြောဆိုထားပါတယ်။ အခု ဒီဒေသတွေမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အတော်များများဟာ အရင်လို တပ်ခွဲတံဆိပ်နဲ့ နံပါတ်တွေ အတိအကျမဟုတ်တဲ့ နေကြာပန်းတံဆိပ်တွေ တပ်ထားတာကို ခုနောက်ပိုင်း တွေ့ရတယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG