သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း အထက်တန်းကျောင်းတစ်ခုမှာ မနေ့က လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ ၁ ဦးသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ စစ်ရှောင်တဦးက VOA ကို ပြောပါတယ်။ မနေ့က တနေကုန် လက်နက်ကြီး အလွန်အကျွံအသုံးပြုပစ်ခတ်နေသလို ဒီနေ့မနက်ပိုင်းအထိလည်း တောက်လျှောက် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေအပေါ် လူသားချင်းစာနာမှုမထားဘဲ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ထီးပိုးကလိုး ကျေးရွာအုပ်စုမှာ မတ်လ ၃၀ ရက် မနေ့က လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး ၃ ဦးထက်မနည်းလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကနေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

“ကျမတို့ အမေတို့ခြံထဲမှာပေ့ါနော်၊ သုံးလုံးတောင်ကျသေးတယ် မနေ့က။ အဲ့လေကြောင်းတိုက်ခိုက်တဲ့ နေရာလည်း ကျမတို့ အထက်တန်းကျောင်းက ကားလည်းပျက်စီးတယ်။ နောက် ကျောင်းခန်းတွေ ဘာတွေလည်း မှန်စတွေ ကွဲတဲ့ဟာတွေလည်း အများကြီးပဲ။ ထိခိုက်တာတော့ အများကြီးပါပဲ။ ဒါပေမယ့် အကုန်လုံး ဒေါက်စိတော့ မမြင်ဘူးပေါ့နော်။ ကြည့်လည်း မကြည့်ရဲဘူးဆိုတော့။ သေသွားတာတော့ ကျမတို့ကြားတာကတော့ တစ်ယောက် သေသွားသွားတယ်။ သုံးယောက်တော့ ဒဏ်ရာရရှိတယ် အဲ့လိုမျိုးပေါ့။”

ဒီလို လေကြောင်းက ပစ်ခတ်ခံရတဲ့နေရာတွေဟာ ရွာခံအနည်းအကျဉ်းနဲ့ စစ်ရှောင်တချို့နေထိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ အခုလို တိုက်ခိုက်ခံရတာကြောင့် တချို့သူတွေက ဘေးလွတ်ရာကို ထပ်မံပြောင်းရွှေ့ပြောင်း တိမ်းရှောင်နေကြသလို တချို့သူက ငွေကြေးအခက်အခဲ၊ လမ်းကြောင်းအခက်အခဲတွေကြောင့် ရွာမှာ ကျန်နေသူတချို့လည်း ရှိသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်ပွဲအတွင်းမှာ သူတို့ကျရှုံးလာရင် မဆိုင်တဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက အဲ့ဘက်ခြမ်းမရှိဘူး။ သူတို့က လက်နက်ကြီးဆိုလည်း တစ်နေ့ကုန် မနေ့က ပစ်တယ်။ နောက်ပြီးတော့ လေကြောင်းနဲ့လည်း လာတယ်။ တိုက်ပွဲတွေဘာတွေ မရှိဘူး။ သူတို့က တခြားနေရာမှာ တိုက်ပွဲဖြစ်လည်း သူတို့ဟိုဘက်ကမနိုင် ဒီဘက်ကို မဲတာပဲ၊ အမြဲတမ်း အဲလို သူတို့က ဖြစ်တယ်။”

မနေ့က သူတို့ကျေးရွာဘက်မှာ တိုက်ပွဲမရှိဘဲ တိုက်ခိုက်ခံရတာလို့ နောက်ထပ်ဒေသခံတဦးကလည်း ပြောပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေကလည်း ဒီနေ့ မနက်ပိုင်းအထိ ရှိနေဆဲပဲလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တာကျတော့ အများကြီးဖြစ်မယ်လို့တော့ မထင်ဘူး အဲ့မှာ၊ တနီးလားရွာဘက်မှာတော့ ဖြစ်မယ်တော့ ထင်တယ်။ ဒါပေမယ့် ကျမတို့ ရွာဘက်မှာတော့ တိုက်ပွဲတော့ မရှိဘူးပေါ့။ ဒါမယ့် သူတို့က လေယာဉ်နဲ့ လာကျဲနေတာပဲ။ အခုလည်း ပစ်နေတယ်၊ အခုလည်းကျနေတယ် လက်နက်ကြီးကတော့။ ဒီမနက် ဘယ်နှစ်နာရီလဲ…. ၈နာရီခွဲ၊ ၉ နာရီကတည်းကလား မသိဘူး၊ အခုထိ စစ်တပ်တွေဖက်က လက်နက်ကြီး ပစ်တာတော့ အခုထိတော့ မရပ်သေးဘူးပေါ့။”

မနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ နှစ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ နေ့ခင်းပိုင်းအထိ တစုံတရာ ထုတ်ပြန်တာမရှိသလို VOA ကလည်း ဆက်သွယ်လို့ မရပါဘူး။

စစ်ကောင်စီတွေအနေနဲ့ လူသားချင်း စာနာမှုမရှိဘဲ လက်နက်မရှိတဲ့ အပြစ်မဲ့အရပ်သား ပြည်သူတွေအပေါ် ပစ်ခတ်တိုက်ခိုက်နေတာလို့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးက အခုလို ဆက်ပြောပါတယ်။

“အခုပစ်တဲ့ပြည်သူတွေက လက်နက်မရှိတဲ့ပြည်သူတွေ။ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်တဲ့ ရဲဘော်တွေ မဟုတ်ပဲနဲ့ သူတို့က လက်နက်မရှိတဲ့ ပြည်သူတွေ၊ ကလေးတွေ၊ လူကြီးတွေပဲ သူတို့ တိုက်ခိုက်နေတော့ အဲ့ဒါ သူတို့မှာ နည်းနည်းလေးမှ လူသားဆန်တဲ့စိတ်က မရှိဘူးပေါ့နော်။ ဒီလိုမျိုးလက်နက်မရှိတဲ့ ပြည်သူကို ပစ်ခတ် တိုက်ခိုက်ဖို့ကျတော့ လုံးဝမဖြစ်သင့်ဘူး၊ အဲ့လိုကျမတော့ ထင်တယ်။”

အခုနှစ် မတ်လဆန်ပိုင်းကတည်းက ရှမ်း-ကယားနယ်စပ် ဒီးမော့ဆိုမြို့နယ်၊ ပင်လောင်းမြို့နယ်တွေမှာ ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတာ ခုချိန်ထိ ဖြစ်ပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြရပြီး တချို့ကျေးရွာတွေမှာ လူတစ်ယောက်စ နှစ်ယောက်စဘဲ ကျန်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်အတော်များများဟာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၊ ကုန်ဈေးနှုန်းက အမတန်မြင့်တက်နေတာကြောင့် စားရေး သောက်ရေး အခြေအနေတွေ အတော်လေး ခက်ခဲနေကြပါတယ်။ တချို့သူတွေက အလှူရှင်အဖွဲ့အစည်းကိုပဲ အားထားနေရပြီး ခုချိန်မှာ အလှူရှင်တွေ မရှိသလောက် နည်းပါးလာတာကြောင့် စားနပ်ရိက္ခာတွေ ပိုမို ကြပ်တည်းလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}















XS
SM
MD
LG