သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းတွင်း နယ်မြေရဲစခန်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ


စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ချင်းပြည်နယ် (Crd: MINU)
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ချင်းပြည်နယ် (Crd: MINU)

မကွေးတိုင်း စလင်းမြို့ သရက်တောကျေးရွာ နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ အရပ်သားအပါအဝင် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာလည်း စစ်ကောင်စီလိုလားတဲ့ ပျူစောထီးတပ်စွဲထားရာ ဇီးဖြူကုန်းကျေးရွာကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ရေးပဋိပက္ခတွေတင်းမာနေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတွင်းအခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း စလင်းမြို့နယ် သရက်တောကျေးရွာ နယ်မြေရဲစခန်းကို မေ ၁၀ ရက် မနက် ၃ နာရီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲက ၂ နာရီ နီးပါး ကြာမြင့်ခဲ့ပြီး အရပ်သားအမျိုးသမီးတဦးအပါအဝင် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“သရက်တောရဲစခန်းကို ၃ နာရီထိုးကနေ စဖြစ်တော့ ပြည်သူတဦးကလည်း မိန်းမသားတဦးပေါ့နော်- သေတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ရဲကလည်း တယောက်သေတာပေါ့ဗျာ။ စခန်းမှူးကလည်း ဒဏ်ရာရတယ်လို့ကြားတယ်။ မနက်အထိကို သူတို့က ရမ်းသမ်းပြီးပစ်ကြတုန်း။ ကြာချိန်က ၁ နာရီခွဲ ၂ နာရီလောက်ကြာမယ်ထင်တယ်။ အစတုန်းက တိုက်ခိုက်တုန်းက ပထမ ခံပစ်သေးတာပေါ့။ ပစ်ပြီးကာမှ သိပ်ပြီးမကြာဘူး။ ဒီ PDF တွေကလည်း တန်းပြီးတော့ ပြန်ရတာပေါ့။ သူတို့ကပြန်ပြီးကာမှ အကုန်ဆုတ်ခွါခဲ့နိုင်တယ်ပေါ့လေ။”

ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့တော့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

ဒါ့ပြင် သရက်တော နယ်မြေရဲစခန်းက အဆောက်အဦးအချို့ မီးလောင်ပျက်စီးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်သေဆုံးသူ ၃ ဦးရှိတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းရွှေဘိုဘက်မှာလည်း မေလ ၉ ရက် မနက် ၄ နာရီက စစ်ကောင်စီလိုလားတဲ့ ပျူစောထီးပြည်သူ့စစ်အဖွဲ့တွေအခြေချတဲ့ ဇီးဖြူကုန်းကျေးရွာကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာကို မနက် ၄ နာရီကနေ ၆ နာရီ မိနစ် ၂၀ လောက်အထိ ဝင်တိုက်ခဲ့တာခင်ဗျ။ ပျူရွာကိုမှ စကစ တွေတပ်စွဲထားတဲ့နေရာ။ သေဆုံးထိခိုက် ကျနော်တို့မျက်မြင်က ၁၇ လောင်း။ ကိုယ့်ဘက်က ထိခိုက်ဒဏ်ရာရတာက ကျနော်အဖွဲ့က ၁ ယောက်၊ အခြားအဖွဲ့က ၃ ယောက်၊ စုစုပေါင်း ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ဘန်ကာ ၄ ခုရှိတာ ၃ ခုဖြိုနိုင်ခဲ့တယ်။ ကျန်တဲ့ဘန်ကာတခုကို ဖြိုဖို့လုပ်တဲ့အချိန် ဘေးက ပျူစောထီး ၃ ရွာက အင်အားထပ်ဖြည့်ပြီး ကားနဲ့ရောက်လာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းနေရာတချို့မှာ လက်နက်ကိုင်ခုခံမှုတွေ အရှိန်ကောင်းလာတာနဲ့အတူ စစ်ကောင်စီတပ်ဘက်ကလည်း သူတို့ကို ထောက်ခံတဲ့ကျေးရွာတွေမှာ စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေလုပ်လာပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေကလည်း ဒေသတွင်း ရဲစခန်းနဲ့တပ်စခန်းတွေကို တိုက်ခိုက်သလို ပျူစောထီးပြည်သူ့စစ်အဖွဲ့တွေအခြေချတဲ့ ကျေးရွာတွေကိုလည်း စီးနင်းတိုက်ခိုက်မှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG