သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီးချိုင့်မြို့အနီး စစ်ကောင်စီတပ်နဲ့ KIA−PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေ


ထီးချိုင့်မြို့နယ်တွင်း ကျေးရွာတချို့ မီးရှို့ခံရ
ထီးချိုင့်မြို့နယ်တွင်း ကျေးရွာတချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ခန့်ရှိနေပြီး လေကြောင်းက တိုက်ခိုက်တာကြောင့် အနည်းဆုံး ဒေသခံပြည်သူ ၃ယောက် သေဆုံးခဲ့ပါတယ်။ ဒီနေ့နဲ့ မနေ့ကတော့ ထီးချိုင့်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ကသာမြို့နယ် အင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာ အနည်းဆုံး ၃ ရွာခန့် မီးရှို့ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာဟာ တစ်လနီးပါးလောက် ကြာမြင့်နေပြီး ဒီလဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာ ဖြစ်ပါတယ်။ ဒီနေ့ ဧပြီလ ၅ ရက်နဲ့ မနေ့ ဧပြီလ ၄ ရက်နေ့တွေက ကသာမြို့နယ် အင်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာရှိပြီး ကျေးရွာအချို့ မီးရှို့ခံရကြောင်း ဒေသကာကွယ်ရေး ခေါင်းဆောင်တစ်ဦးက VOA ကို ပြောပါတယ်။

“မနေ့ကတုံးကတော့ ပျဉ်းလေးပင်ကို မီးရှို့ပြီးတော့ ပြန်ဆင်းလာတာ။ အင်းရွာဘက်ကို ပြန်အဆင်းမှာ ထိတွေ့မှု နည်းနည်းဖြစ်သွားတယ်ဗျ။ ဖြစ်သွားချိန်မှာ သူတို့ ကျွန်းတောကုန်းဆိုတဲ့ ရွာကို မီးရှို့ပစ်တယ်ဗျ။ အခုမနက်ကျတော့ သူတို့ တစ်ခါပြန်ပြီး တက်ခဲ့ပြီးမှ ပေလမ်းကုန်းဆိုတဲ့ ရွာကို မီးရှို့လိုက်တယ်ဗျ။ အဲဒါတွေကတော့ မှတ်တမ်းယူလို့ မရသေးဘူး။ သူတို့က အဲဒီနေရာမှာ အပိုင်စီးထားတာဆိုတော့ ကျနော်တို့က ဝင်လို့ မရဖြစ်နေတယ်ဗျ။”

ထီးချိုင့်ဒေသခံတစ်ဦးကလည်း ကသာမြို့နယ် အင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ဧရာအရှေ့ခြမ်းဘက်မှာတော့ ဒီနေ့မနက်က ထိတွေ့တိုက်ပွဲ ခဏဖြစ်သွားတယ်လို့ ပြောတယ်။ အင်းရွာရဲ့ဘေး၊ အင်းရွာရဲ့ ဘေးမှာ ဖြစ်သွားတယ်လို့ ပြောတယ်။ အင်းရွာနားက ကျွန်းတောကုန်း မီးရှို့တယ်လို့ ပြောတယ်။ ဒီနေ့ ခုတလောကတင်မှ ရှို့တာ။ မနေ့ကတုံးကတော့ ပျဉ်းလေးပင်၊ အဲဒီဘက်မှာရှို့တယ်/ တိုက်ပွဲ ၂ခါဖြစ်တယ်။ နောက် လေယာဉ်နဲ့ ၂ပတ်၊ ၃ပတ် ချသွားတယ်။ အင်းရွာ တံတားဘေး ကြဲတာလို့ ပြောတယ်။ အထိအခိုက်ကတော့ မရှိဘူး။ တိုက်ပွဲက မနက်ပိုင်းကို အရင် ၂ခါဖြစ်။ ဖြစ်ပြီးမှ ဗုံးကြဲတော့တာပ။”

ထီးချိုင့်နဲ့ ကသာ မြို့နယ်အတွင်းမှာ လက်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်း အနည်းဆုံး ၄ ကြောင်းလောက် ဝင်ရောက်နေတာဖြစ်ကြောင်း ပြောပါတယ်။ စစ်‌ရေးအခြေအနေတွေနဲ့ပတ်သတ်လို့ စစ်ကောင်စီကိုဆက်သွယ်လို့ မရသေးသလို တစုံတရာထုတ်ပြန်တာလည်း မရှိသေးပါဘူး။

အရင်လ ၃၁ရက်နေ့က ထီးချိုင့်မြို့နယ် ပေါက်ကုန်းနဲ့ အင်ဒေါင်းရွာကို လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အင်ဒေါင်းရွာမှာ သေဆုံးသူ ၃ဦးရှိကြောင်းနဲ့ ကျေးရွာအချို့ မီးရှို့ခံရကြောင်းလည်း ထီးချိုင့်ဒေသခံက အခုလို ဆက်ပြောပါတယ်။

“အင်ဒေါင်းမှာ ဗုံးချလို့ သေသွားတာက အင်ဒေါင်းက ၃ယောက်သေတယ်။ ၅ယောက်ထိတာ ၃ယောက်သေတယ်။ ပေါက်ကုန်းကတော့ အသေအပျောက် မရှိဘူး။ အဲဒါ တစ်ရက်တည်း ချတာ။ ရွာကတော့ ဆတ်ပြေးရွာ တစ်ရွာရယ်၊ ကျွန်းတောကုန်းရွာရယ်၊ ညောင်ပင်သာ၊ ညောင်ပင်သာရှို့တယ်။ မယ်ဇလီရှိုတယ်။ ရတနာအောင်ရှို့တယ်။ စစ်ကြောင်းကတော့ တော်တော်ကို ရှုပ်နေတာ။ အဲဒီဘက်တွေလည်း တအားကို ရှုပ်နေတာ။ ထီးချိုင့်အထက်နားမှာ နီတာဆိုတာ ဧရာအရှေ့ခြမ်းလေ။ အဲဒါ ဒီနေ့ မနက်မှ စထွက်တာ။ အဲဒါ ထီးချိုင့်ကထွက်တဲ့ စစ်ကြောင်း။ ဟိုဟာက ပြန်လို့ကို မဝင်တဲ့ စစ်ကြောင်း၊ အင်းရွာက စစ်ကြောင်းက ၊ နတ်အင်းကဟာလည်း ပြန်လို့ မဝင်ဘူး။ ဧရာအရှေ့ခြမ်း၊ အနောက်ခြမ်း တောက်လျှောက် ထိုးထားတာတွေ။”

ဒီလ ၂ရက်နေ့ကလည်း ရတနာအောင်နဲ့ မယ်ဇလီ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်းနဲ့ လောလောဆယ် ပြည်သူတွေ ထောင်နဲ့ချီပြီး တိမ်းရှောင်နေကြရကြောင်း ထီးချိုင့်ဒေသခံတွေက ပြောကြပါတယ်။ထီးချိုင့်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး ဧရာဝတီမြစ် အနောက်ခြမ်းက ရွှေဘို-မြစ်ကြီးနား ကားလမ်းမနဲ့ အရှေ့ခြမ်းက မန္တလေး-ဗန်းမော် ကားလမ်းမနှစ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် ဆက်သွယ်ရေးအရ အရေးပါတဲ့မြို့လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG