သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း မဟာမြိုင်လမ်း ပိတ်နေလို့ ယာဉ်မောင်းတွေ ဒုက္ခရောက် 


Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း
Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်း၊ မုံရွာ - ကလေးဝ မဟာမြိုင်လမ်းတလျှောက်မှာ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်တိုင်း အသွားအလာတွေ ပိတ်ကုန်တာကြောင့် ယာဉ်မောင်းတွေ မကြာမကြာ ဒုက္ခရောက်ကြပါတယ်။ စစ်တပ်လမ်းကြောင်းရှိတဲ့အခါမျိုးမှာလည်း လမ်းတွေ ပိတ်ထားတတ်တာကြောင့် ဒီလမ်းကြောင်းကို အသုံးပြုနေကြရသူတွေ အတော်လေး အခက်တွေ့ကြရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မန္တလေးအထိ သွားလာရာမှာ အဓိကအသုံးပြုတဲ့ မဟာမြိုင်လမ်းမှာ လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကြောင့် ခရီးသည်တင်နဲ့ ကုန်တင်ယာဉ်တွေ မကြာခဏ ပိတ်မိတတ်ပါတယ်။ မတ်လ ၂ ရက်၊ ဒီကနေ့မှာလည်း ယာဉ်အသွားအလာ ပိတ်ထားတယ်လို့ အဲဒီလမ်းမှာ ပိတ်မိနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။ စစ်တပ် စစ်ကြောင်းကြောင့် ဒီနေ့ပိတ်နေတာလို့ ခုလိုပြောပါတယ်။

"မဟာမြိုင်လမ်းက ပျဉ်းကိုင်းဆိုတဲ့ ရွာရှိတယ်။ မင်းကင်း မြို့နယ်ထဲမှာပါတာ။ အဲဒီလမ်းမှာ ပိတ်နေတာ။ အဲဒီလမ်းက အမြဲတမ်းပိတ်တယ်ဗျ။ သူက စစ်ကြောင်းလာရင် ခဏခဏ ကားတွေကိုတားထားတာ။ အခုလည်း ကားတွေရပ်ထားရတာ။ ဘယ်ကားမှ မသွားခိုင်းဘူး။ မနေ့ကတော့ အတက်အဆင်းကားပေါ့၊ မန္တလေးကို ဆင်းမယ့်ကားတွေကို လွှတ်ပေးတယ်။ ဒီနေ့ကတော့ အကုန်ပိတ်ထားတယ်။"

စစ်ကိုင်းတိုင်းထဲက အဓိက လမ်းမကြီးတွေဖြစ်တဲ့ ယာကြီးလမ်းနဲ့ ဂန့်ဂေါလမ်းကတော့ မိုင်းအန္တရာယ်ကြောင့် သွားမရဘဲ ပိတ်ထားတာ ၂ နှစ်နီးပါး ရှိပါပြီ။ အခုလည်း မဟာမြိုင်လမ်းကို အသုံးပြုပြီး မြို့တွေကွေ့ဝိုက်သွားရလို့ ခရီးလမ်းကြောင်းက ပုံမှန်ထက် ၂ ဆပိုကြာတဲ့ အခြေအနေကိုလည်း ပြောပါတယ်။

"မဟာမြိုင်လမ်း တစ်လမ်းပဲ အခုလောလောဆယ် ဖွင့်ထားတာ။ ဒါတောင်မှ တန့်ဆည်ကနေမှ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရောက်သွားတာ၊ ဇီးကုန်းရွာရှိတယ်၊ အဲဒီလမ်းကနေ သွားရတာ။ တကွေ့တပတ်ကြီး သွားရတာပေါ့ဗျာ။ အရင်တုန်းကဆိုရင် ချောင်းဦးက သွားရတာလေ။ ချောင်းဦး-ညောင်ပင်သာလမ်း ခေါ်မှာပေါ့။ အဲဒီလမ်းကဆို နီးတယ်၊ နေ့ချင်းပေါက်တယ်။ အခု တန့်ဆည်ကနေ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရောက်သွားတော့ ဝေးသွားတာလေ။ မိုင် ၄၀ လောက် ပိုဝေးသွားတော့ ကားတွေကလည်း မန္တလေး-တမူးကို ၁ ညအိပ်၊ ၂ ညအိပ်တွေ ဖြစ်ကုန်တာပေါ့။"

လမ်းခုလတ်မှာ ကားလမ်းအသုံးပြု မရတဲ့အခြေအနေကြောင့် ကုန်တင်ပို့မှု နှောင့်နှေးကြန့်ကြာသလို မဖြစ်မနေကိစ္စနဲ့ ခရီးသွားလာရမယ်ဆို သွားမရဖြစ်မှာကို ဒေသခံတွေက စိုးရိမ်ကြတာပါ။ လမ်းခရီးမှာ အချိန်ကြာနေမယ်ဆိုရင် ကုန်စိမ်းနဲ့ တချို့ကုန်စည်တွေ အခက်အခဲရှိနိုင်တယ်လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကုန်စိမ်းတွေ အတွက်ကတော့ အခက်အခဲရှိတာပေါ့။ ကုန်ခြောက်ပိုင်းတွေ အတွက်ကတော့ အဲလောက်ကြီး အခက်အခဲတွေ မရှိပါဘူးဗျ။ တချို့ကတော့ ကြိုပြီးလှောင်ထားတော့ အဆင်ပြေတဲ့အပိုင်းလည်း ရှိမှာပါ။ ရက်ကြာကြာ ပိတ်သွားမယ်ဆိုရင်တော့ တချို့လူတွေ အတွက်ကလည်း ခက်တာပေါ့။"

အဲဒီဒေသဘက်မှာ လောလောဆယ် အသုံးပြုနေရတဲ့ မဟာမြိုင်လမ်းကလည်း မိုးရာသီဆို ရေတိုက်စားတဲ့ဒဏ်ကြောင့် သွားလာရ ခက်ခဲတာမျိုး ရှိတယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေက နေရာအတော်များများမှာ ရှိနေတာပါ။ NUG အမျိုးသားညီညွတ်ရေး အစိုးရဘက်ကတော့ စစ်ကိုင်းတိုင်းက အဓိကလမ်းမကြီးတွေကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအနေနဲ့ ထိန်းချုပ်ထားနိုင်ပြီလို့ ပြောထားပါတယ်။ လမ်းပိုင်းအသုံးပြုပြီး သွားလာနေသူတွေကတော့ လမ်းတလျှောက် တိုက်ပွဲအခြေအနေကို သတိထားပြီး သွားလာနေရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG