သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘို ကားကြီးဝင်းအနီး ပေါက်ကွဲမှုကြောင့် ၂ ဦးသေ၊ ၂၀ ခန့် ထိခိုက်ဒဏ်ရာရ  


စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက် တံတားပေါ်နဲ့ မူးဘောင်ပေါ်မှာ ဗုံးပေါက်ကွဲအပြီး ဒဏ်ရာရသူများကိုတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက် တံတားပေါ်နဲ့ မူးဘောင်ပေါ်မှာ ဗုံးပေါက်ကွဲအပြီး ဒဏ်ရာရသူများကိုတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် ကားကြီးဝင်းအနီးနဲ့ မူးဘောင်ပေါ်မှာ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ဒေသခံ ၂၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက စိုးရိမ်ရတဲ့သူတွေလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ လူစည်ကားတဲ့နေရာမှာ အခုလို ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရသူများတာလို့လည်း မျက်မြင်တွေက ပြောပါတယ်။ ရွှေဘိုမြို့က ပေါက်ကွဲမှုအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

ရွှေဘိုမြို့အတွက်မှာရှိတဲ့ စုပေါင်း ကားကြီးဝင်းအနောက်ဖက်နဲ့ ကားဝင်းမြောက်ဖက် မူးဘောင်တံတားပေါ်တို့မှာ မတ်လ ၂၈ ရက် မနက် ၉ နာရီကျော်မှာ ပေါက်ကွဲမှု ၂ ခုဖြစ်ခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး လမ်းသွားလမ်းလာ ဒေသခံအမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၀ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦး ပါဝင်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ဒဏ်ရာရရှိသူ ၆ ဦးရှိတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ပေးသူ တဦးက အခုလို ပြောပါတယ်။

“အဲ့မှာထိခိုက်တာက ယောက်ကျား ၁၀ ယောက် ကလေး ၂ ယောက်၊ မိန်းမ ၈ ယောက်၊ လူ ၂၀ ပါခင်ဗျ။ တယောက်ကတော့ ရွှေဘိုဆေးရုံပေါ်မှာတင် ဆုံးသွားတယ်။ နောက်ထပ် ၆ ယောက်ကလည်း စိုးရိမ်ရပါတယ်ခင်ဗျ။ ဆိုင်ကယ် ၈ စီးခန့်မှာ လူက ၁၈ ယောက်ပါ၊ မူဘောင်ဘေးမှာ ကွဲတာက ဒိုင်နာကုန်တင်ယာဉ်ပေါ်ကနေပြီးတော့ ၂ ယောက်ပါ၊ အားလုံးပေါင်း ၂၀ ထိခိုက်ပါတယ်။”

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက် တံတားပေါ်နဲ့ မူးဘောင်ပေါ်မှာ ဗုံးပေါက်ကွဲအပြီး ဒဏ်ရာရသူများကိုတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက် တံတားပေါ်နဲ့ မူးဘောင်ပေါ်မှာ ဗုံးပေါက်ကွဲအပြီး ဒဏ်ရာရသူများကိုတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၃)

သေဆုံးသွားသူဟာ တောင်တင်းကျေးရွာသား ဒေသခံတဦးဖြစ်ပြီး စိုးရိမ်ရတဲ့ ကလေးငယ် ၁ ဦးနဲ့ အမျိုးသား ၅ ဦးကိုလည်း ရွှေဘိုကနေ မန္တလေး ဆေးရုံကို ပို့ဆောင် ကုသပေးနေတယ်လို့လည်း ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

ဒဏ်ရာစိုးရိမ်ရလို့ မန္တလေးပို့ဆောင်ကုသနေတဲ့ထဲက အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးဟာ မန္တလေးဆေးရုံမှာ သေဆုံးသွားတယ်လို့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ဆွေမျိုးနီးစပ်သူ တဦးက အတည်ပြုပြောပါတယ်။ ရွှေဘို စုပေါင်းကားဝင်ဟာ ရွှေဘိုမြို့ တောင်ဘက်မှာရှိပြီး မြို့အထွက် မူးဘောင်ဘေးမှာရှိတာလည်း ဖြစ်ပါတယ်။

ပေါက်ကွဲခဲ့တဲ့ နေရာဟာ လူအသွားအလာ များတဲ့နေရာဖြစ်ပြီး လူစည်ကားတဲ့အချိန်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းပေါက်ကွဲတာကို ကိုယ်တိုင်မြင်သိခဲ့သူ တဦးကို ဗွီအိုအေက မေးမြန်းရာမှာတော့ သူကြုံတွေ့ခဲ့ရတာကို အခုလို ပြောပြပါတယ်။

“မူးတံတားပေါ်မှာ ခြင်း မိုင်းထည့်ထားတဲ့ ခြင်းရှိတယ်။ အဲ့ကနေ ကွဲသွားတာ။ ဘယ်သူက ချသွားတယ်ဆိုတာတော့ မသိလိုက်ဘူး။ ခြင်းကနေ ကွဲသွားတယ်ဆိုတာတော့ သိလိုက်တယ်။ အသံကတော့ကျယ်တယ်။ မြေကြီးတွေပါတုန်တယ်။ ဈေးဝယ်လာတဲ့ဟာတွေ အဲ့နားမှာ ရေချိုးလုပ်တာတွေ၊ လဖက်ရည်ဆိုင်တွေလည်း အများကြီး။ အဲ့နားမှာ လဖက်ရည်ဆိုင်လည်းရှိတယ်။ ဘီယာဆိုင်လည်းရှိတယ်။ သွားလာတာတွေလည်း အများကြီးပဲလေ။ အဲ့ဒါဆိုတော့ မိုင်းကွဲတာနဲ့ လူစုတာနဲ့ကွဲတာ၊ အဲ့လိုမျိုးဖြစ်ပါလိမ့်မယ်။ ထိခိုက်တာက အဲ့နားလေး ကျွန်တော့်ရှေ့မှာတင် တော်တော်ကိုများတယ်။”

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက် တံတားပေါ်နဲ့ မူးဘောင်ပေါ်မှာ ဗုံးပေါက်ကွဲအပြီး ဒဏ်ရာရသူများကိုတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အထွက် တံတားပေါ်နဲ့ မူးဘောင်ပေါ်မှာ ဗုံးပေါက်ကွဲအပြီး ဒဏ်ရာရသူများကိုတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၃)

ပေါက်ကွဲတဲ့နေရာအနီးမှာ စစ်တပ် တပ်စွဲထားတာလည်း မရှိသလို ပေါက်ကွဲချိန်မှာလည်း စစ်သားတွေ ဖြတ်သန်းသွားလာတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုင်းပေါက်ကွဲတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်တာမရှိသေးသလို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရှိရသေးပါဘူး။

မတ်လ ၂၅ ရက်ကလည်း ရွှေဘိုမြို့ တဂဏန်းကျေးရွာနဲ့ ဇီးတောကျေးရွာကြားမှာ မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး ဆရာတော် တပါးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG