သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ကျောက်ကြီးမြို့နယ်မှာ လယ်ဧကထောင်ချီ မစိုက်ပျိုးနိုင်


ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)
ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)

မိုးရာသီရောက်လာပေမဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က လယ်ဧက ၄,၀၀၀ကျော်မှာ စပါးမစိုက်နိုင်သေးကြောင်း လယ်သမားတွေက ပြောပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ စားနပ်ရိက္ခာ မလုံလောက်မှာ ကျောက်ကြီးမြို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က လယ်မြေ ဧက ၄,၀၀၀ကျော်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် စပါး မစိုက်ပျိုးနိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ ရွာပေါင်း ၁၀၀ကျော်က လယ်သမား ၁,၀၀၀ ကျော်လောက်ဟာ စစ်ရှောင်နေရပြီး အများစုက မြို့ပေါ်တွေကို ရောက်ရှိနေကြကြောင်း လယ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဧက ၄,၀၀၀ ကျော်မယ်ထင်တယ်၊။ အကုန်လုံး လယ်သမားတွေချည်းပဲ။ လယ်တွေချည်းပဲဆိုတော့ အဲဒီ့လယ်တွေက တယောက်မှ စိုက်လို့မရဘူးလေ။ (နယ်မြေ) တော်တော်များများကတော့၊ အကုန်လုံးကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ စိုးမိုးထားတော့ မြို့ပေါ် ၇ရပ်ကွက်ပဲ၊ မြို့ပေါ် ၇ ရပ်ကွက်တောင်မှ မငြိမ်လို့။ ရွာတွေအကုန်လုံးက မြို့ထဲကိုရွှေ့ ၊ ဟိုဘက်မြို့ကြီးတွေ ရွှေ့တယ်။ ရွာတွေဘက်က မရတော့ဘူး။ လူတောင် နေလို့မရဘူးဆိုရင်တော့ စပါးစိုက်ဖို့ဆိုတာ ဝေးရော။"

ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီကတော့ ကျောက်ကြီးမြို့နယ် ကျေးရွာ ၄၆ ရွာက လယ်သမား ၈၀၀ ကျော်လောက် စပါးမစိုက်နိုင်သေးကြောင်း ပြောပါတယ်။ အချိန်မီ မစိုက်ပျိုးနိုင်ရင် လာမယ့်နှစ် စားနပ်ရိက္ခာ လုံလောက်ဖို့အတွက် စိုးရိမ်ကြောင်း ကော်မတီဘက်က သတင်းထုတ်ပြန်ထားတာပါ။

ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် လက်တလောမှာ ဒေသခံတွေအနေနဲ့ ရှောင်တိမ်းနေတာက အသက်အန္တရာယ်ပိုပြီး လုံခြုံနိုင်ကြောင်း ကျောက်ကြီးမြို့မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

"ရမ်းသမ်းပစ်ခတ်မှုရဲ့ လက်နက်ကြီးကျည်တွေက မဆိုင်တဲ့ပြည်သူတွေပေါ် ပြုတ်ကျတဲ့အခါကြတော့ ရွာတွေထိတယ်၊ အိမ်တွေထိတယ်၊ လူတွေထိတယ်။ ရွာတွေမှာ ထွက်ပြေး တိမ်းရှောင်ရတယ်ပေါ့။ ကျနော်တို့ကလည်း ကျနော်တို့နယ်မြေ ရအောင်အတွက် စကစကို အမြစ်ပြတ်တဲ့အထိ တိုက်မှာဖြစ်လို့ တလက်မလည်း နောက်မဆုတ်ပေးဘူး။ ရအောင်တိုက်ယူမယ်။ အခုအချိန်မှာ ပြည်သူကို ငဲ့တော့ ငဲ့တာပေါ့၊ ဒါပေမဲ့ ရှေ့တော်လှန်ရေး စကစကို တိုက်မှလည်း ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ရမှာလေ။"

ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)
ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)

မြန်မာစစ်တပ်ဟာ ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ လူဦးရေ ၂၀,၀၀၀ ကျော်လောက် အနီးနားက မြို့တွေဆီ ထွက်ပြေးခဲ့ရတာပါ။ ဒါပေမဲ့လည်း အဲဒီတိုက်ပွဲမှာ စစ်တပ်ရဲ့ တပ်စခန်း ၃ ခုကို သိမ်းပိုက်ခဲ့တယ်လို့ KNU က ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။ အခုနှစ် မေလ ၁၀ ရက်ကလည်း မုန်းမြို့နယ် ညောင်ပင်သာကျေးရွာမှာ လူအယောက် ၂၀ကို မြန်မာစစ်တပ်က မီးရှို့၊ သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ ပွင့်ဖြူဘက်တွေမှာ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။ မနေ့က ဇွန်လ ၁၁ရက်က မုန်းမြို့ အခြေစိုက် စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကျောက်ကြီးမြို့နယ်၊ ဝါးပင်စုရွာက ကလေး၂ဦးနဲ့ တောကြောင်ပေါက်ရွာက အသက် ၆၀အရွယ် သံဃာတပါး ပျံလွန်တော်မူခဲ့ပါတယ်။

တခြားကျေးရွာတွေမှာလည်း နေ့စဉ်၊ ရက်ဆက်ဆိုသလို သေဆုံးမှုတွေ ရှိနေတာပါ။ အခုထိ ကျောက်ကြီးမြို့နယ်က လူအယောက် ၁၀,၀၀၀ ကျော်လောက် ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG