သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဘက်သုံး ကားတွေ စစ်ဘက်နဲ့ မပတ်သက်ဖို့ KNU သတိပေး


KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့
KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့

ဇွန်လ ၁၅ရက်နေ့မှ စပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်တို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၈) ကားလမ်းမကြီး တလျှောက်မှာ သွားလာနေတဲ့ အရပ်သား မော်တော်ယာဉ်တွေအနေနဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ၊​ လူတွေ၊ ခဲယမ်းတွေ မတင်ဖို့ KNU က သတိပေးစာ ထုတ်ထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး လက်ရှိမှာ အရပ်သားကားတွေကို ကေအန်ယူက သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို သတိပေးစာ ထုတ်ပြန်တာနဲ့ပတ်သက်လို့ ပြည်သူကာကွယ်ရေးတပ်က ခေါင်းဆောင်တဦးက အခုလိုပြောပြပါတယ်။

“ကေအန်ယူက တပ်မဟာ (၆)၊ တပ်ရင်း(၂၇)ကနေပြီးတော့ ပြီခဲ့တဲ့ရက်က စာထုတ်ခဲ့တာကတော့ မော်လမြိုင်၊​ မုဒုံ၊​ သံဖြူဇရပ်၊ ရေး၊​ ထားဝယ် အမှတ်(၈) လမ်းမပေါ်မှာ သွားလာနေတဲ့ယာဉ်အားလုံး ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက တားဆီးရင် ကြည်ဖြူစွာရပ်ပေးဖို့၊ စစ်ဆေးမယ်ဆိုရင်လည်း ကြည်ဖြူစွာ လက်ခံပေးဖို့၊​ စစ်ကောင်စီနဲ့ပတ်သက်လို့ ရိက္ခာ၊ ခဲယမ်း၊​ လူသူအင်အား အားလုံးကို သယ်ယူပို့ဆောင်တာ ရှောင်ကျဉ်ဖို့၊​ အဲဒီလိုမျိုး သယ်ယူပို့ဆောင်ခဲ့မယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစုက အရေးယူမယ်ဆိုတဲ့အကြောင်း စာထုတ်ထားတယ်။ အဲဒီစာက ဇွန် ၁၅ ရက်နေ့ကစပြီး အသက်ဝင်မယ်လို့ ပြောထားပါတယ်။”

အခုလိုစာထုတ်ရတာကတော့ စစ်တပ်က အရပ်သားကားတွေကို စစ်တပ်ကချောဆွဲပြီး အသုံးပြုနေတာကြောင့်လို့လဲ ဆိုပါတယ်။

“အဲဒီစာထုတ်ရတဲ့အကြောင်းက စစ်ကောင်စီက တပ်မဟာ(၆)နယ်မြေ၊ အမှတ်(၈) လမ်းမပေါ်မှာ စစ်တပ်ကားမသုံးပဲ အရပ်ဘက် ကားတွေကို ချောဆွဲပြီးသွားလာတာ၊ ရိက္ခာပို့တာ၊ လက်နက်ခဲယမ်းတွေပို့တာဖြစ်လို့ အဲဒီအတွက်ကြောင့် ကျနော်တို့စာထုတ်ပြီး ကြေညာရတာ ဖြစ်ပါတယ်။”

ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အမှတ်(၈)လမ်းမကြီးတစ်လျှောက်မှာ စစ်ရေး လှုပ်ရှား ထိန်းချုပ်မှုများ လုပ်ဆောင်နေပြီးဖြစ်တဲ့အတွက် ပြည်သူများအား ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေရန်အတွက် အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ကြေငြာချက်မှာ ပါရှိပါတယ်။

ဒီအမိန့်ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပဲ တစုံတရာ ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မည်သည့်ကိစ္စမဆို သူတို့အနေနဲ့ တာဝန်ယူမှာ မဟုတ်ကြောင်း ကိုလည်း KNLA တပ်ရင်း ၂၇ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG