သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့နယ် ကျေးရွာတချို့ ထိခိုက်ပျက်စီး


 ကော့ကရိတ်မြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ (မေ၊ ၂၀၂၃)
ကော့ကရိတ်မြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ (မေ၊ ၂၀၂၃)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေ အခြေစိုက် လှုပ်ရှားတဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KNU ရဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၀၁) အခြေစိုက်တဲ့ ကော့ကရိတ်မြို့နယ်မှာ မနေ့ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတကျောင်းနဲ့ လူနေအိမ်တွေ အပါအဝင် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တယောက်ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်ရာ ကော့ကရိတ်မြို့နယ်အတွင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၀၁) နယ်မြေ၊ မောခီးကို ကျေးရွာအုပ်စု၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုး ကျေးရွာထဲကို မနေ့ည ၁၁နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

“မနေ့ညက ၁၁နာရီခွဲလောက်မှာ KNU တပ်မဟာ (၆) နယ်မြေ၊ KNLA တပ်ရင်း (၂၀၁) နယ်မြေမှာ ပနွယ်ဖိုးကလိုး၊ အဲဒီကျေးရွာကို စစ်လေယာဉ်နဲ့ ဗုံးလာကြဲတာ။ အဲဒီထိပ်က ဘုရားကျောင်းကို တော်တော်ထိသွားတယ်။ အဲဒီဘက်မှာဖြစ်တာ ပြုပြင်လို့မရအောင် အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်။ အခြေအနေကတော့ တိုက်ပွဲဖြစ်တာမဟုတ်ပဲ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာဖြစ်တယ်။

ဘုရားရှစ်ခိုးကျောင်းနဲ့ လူနေအိမ်အဆောက်အဦးတွေ ထိခိုက်တာတွေရှိပေမယ့် လူတွေ ထိခိုက်သေဆုံးမူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ တပ်မဟာ (၆) နယ်မြေထဲမှာတော့ နေ့စဉ်ဆိုသလို ဗုံးကြဲ တိုက်ခိုက်မူတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ကော့ကရိတ်မြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ (မေ၊ ၂၀၂၃)
ကော့ကရိတ်မြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ (မေ၊ ၂၀၂၃)

“အဲဒီတပ်မဟာ (၆) ထဲမှာတော့ တိုက်ပွဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် နေ့စဉ်နီးပါးကို ဗုံးလာကြဲနေတယ်။ ဒေါနအရှေ့ခြမ်းကိုကြဲတယ်။ အနောက်ဖက်ခြမ်းကိုလည်း လာတယ်။ တိုက်ပွဲရှိရှိ၊ မရှိရှိ ကျေးရွာလူထု ထိထိ၊ မထိထိ ဗုံးကြဲနေတာကတော့ နေ့တိုင်းနီးပါးပါပဲ။”

အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ပေါ်မှာလည်း မေလ ၂၃ ရက်၊ မနေ့ နေ့လည် ၂နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျိုက်ဒုံမြို့ ရပ်ကွက် (၁) က ကလေးငယ်နှစ်ဦး ကျည်ထိမှန် သေဆုံးပြီး နောက်တဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မူတွေကြောင့် KNU တပ်မဟာ (၁) ၊ (၃) ၊ (၅) နဲ့ (၆) ဒေသတွေက ဒေသခံတွေဟာ ညအချိန်ဆိုလည်း ရွာတွေမှာမနေရဲပဲ တောတောင်တွေထဲ ပုန်းအောင်းပြီး အိပ်စက်နေရပြီး အဲဒီလူတွေ တပ်မဟာ (၆) ဒေသအတွင်းက သောင်ရင်းမြစ်တလျောက်မှာ နေထိုင်နေရတာဟာ အခုဆိုရင် တနှစ်ကျော် ကြာသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG