သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီး စစ်ပြေးဒုက္ခသည်တွေ လေကြီးမိုးကြီးနဲ့ကြုံ


မော်လမြိုင်အနိမ့်ပိုင်းရပ်ကွက်တချို့ ရေလျှံ (ဇူလိုင် ၂၀၊ ၂၀၂၃)
မော်လမြိုင်အနိမ့်ပိုင်းရပ်ကွက်တချို့ ရေလျှံ (ဇူလိုင် ၂၀၊ ၂၀၂၃)

ဒီလထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ပြေး ဒုက္ခသည်အများစု ခုချိန်ထိ နေရပ်မပြန်နိုင်ကြ သေးသလို၊ မုတ်သုန်မိုးနဲ့ လေပြင်းအန္တရာယ်ကိုပါ ဒီရက်ပိုင်း ကြုံနေရတယ်လို့ စစ်ရှောင်နေရသူတွေက ပြောပါတယ်။ တောတောင်တွေထဲ စားရေးသောက်ရေး ခက်ခဲတဲ့အပြင် မိုးမလုံ ရေမလုံတာကြောင် ဖျားနာကြရတာလို့လည်း ပြောပါတယ်။ ကရင်ပြည်နယ်ဘက်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ခလယ်-တံခွန် ကျေးရွာအုပ်စုတွေမှာ ဒီတရက်နှစ်ရက်အတွင်း နှစ်ဘက် ထိတွေ့ တိုက်ခိုက်တာ သိပ်မရှိပေမဲ့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကတော့ ရပ်မသွားဘူးလို့ စစ်ဘေး တိမ်းရှောင်နေရသူတွေက ပြောပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၀ ရက် နေ့ခင်းပိုင်းလောက်မှာကိုပဲ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရလို့ ဘေးကင်းရာ အကာအကွယ်ယူဖို့ ပြင်ဆင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“အခု ၁၂ နာရီကပဲ ထုသေးတယ်။ ထမင်းချက်နေတယ်။ ကလေးတွေ ထမင်းစောစောကျွေး၊ ကောင်းတဲ့နေရာမှာ လိုက်ခိုထား အဲ့လိုပဲပေါ့။ စိတ်ဆင်းရဲရတာပေါ့။ စားစရာတွေ သောက်စရာတွေ မရှိတာတပိုင်း။ ပိုက်ဆံမရှိတာနဲ့ တပိုင်း။ ပြီးတော့ ဖျားတယ်။ လူကြီး ဖျားရင် ကလေးလည်း ဖျားတာပဲ။”

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ ကရင် လက်နက်ကိုင် ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဒီလထဲ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတာပါ။ နှစ်ဘက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာ၊ ကျေးရွာတွေကို ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ကြောက်လန့် နေရတဲ့အကြောင်း နောက်ထပ် စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ပိုစိတ်လာမှာပေါ့။ အရင်ကထက်စာရင်တော့။ ဒီဇူလိုင်လထဲ လေယာဉ်လာလိုက် ပြီးရင် ဟိုဘက်က စကစတွေ စစ်ကြောင်း ထိုးဝင်လာ။ ထိုးဝင်လာတော့ အဲ့မှာ တိုက်ပွဲဖြစ်တာပေါ့။ အရင်က ဒီလောက်ကြီးကျယ်တဲ့ တိုက်ပွဲလည်း သိပ်မဖြစ်သေးဘူးလေ။ ဒီဇူလိုင်လမှာပဲ အခုမှတွေ့ဖူးတာပေါ့ တနေ့ကုန်ဖြစ်တဲ့ တိုက်ပွဲ တခုမှ မကြုံဖူးသေးလို့လေး။ လူတိုင်းကတော့ ကြောက်တတ်နေပြီးပေါ့။ လေယာဉ်လာတယ်ဆို ပိုကြောက်ကြတယ်ပေါ့။ လေယာဉ်တခါမှ မမြင်ဖူးဘဲ လေယာဉ်ဗုံးလာကျဲ လာပစ်တယ်ဆိုတော့။”

စစ်ရေးပဋိပက္ခကြောင့် ခလယ်-တံခွန်တိုင်ကျေးရွာ ပုလိန်ကျေးရွာ၊ ငြိမ်းချမ်းမြိုင်ကျေးရွာ စတဲ့ ကျေးရွာ အများစုက ဒေသခံတွေ အိုအိမ်စွန့်ခွာ နေရပြီး နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ တောတောင်တွေထဲမှာ ယာယီတဲထိုးပြီး ခိုလှုံနေကြပါတယ်။ တချိန်တည်းမှာပဲ မုတ်သုန်မိုးနဲ့ လေပြင်းမုန်တိုင်း အန္တရာယ် ကြုံနေရတာပါ။ အထူးသဖြင့် ဒီရက်ပိုင်း မိုးသက်လေပြင်း ကျနေတာကြောင့် တောတောင်တွေထဲမှာလည်း ခိုအောင်းလို့ မရတော့ဘဲ နီးစပ်ရာ ကျေးရွာတွေထဲ ဝင်ပြီး ခိုကပ်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

“အဆင်ဘယ်ပြေမလဲ ဒီမိုး ဒီတစ်ရက် နှစ်ရက် သူတို့ရွာမှာပဲ သူတို့သွားခိုနေတာပေါ့။ တောထဲမှာနေလို့လည်း မရဘူး၊ တောထဲမှာတော့ ခြင်ကိုက်တာတို့ အစားစာတွေ ခက်ခဲမှာပေါ့ တောထဲဆိုတော့ ရေကြီးတယ်၊ တောပေါ်ရေကျတာနဲ့ တအားပဲ ဒီတစ်ရက် နှစ်ရက်ဆိုရင်တော့ တောထဲမှာတော့ နေလို့လုံးဝအဆင်မပြေဘူး။ (သူများအိမ်မှာကပ်နေရတာ) ခက်ခက်ခဲခဲပေါ့။ လူအုပ်ကလည်းများ တအိမ်ကို တစ်ဖွဲ့ နှစ်ဖွဲ့၊ တစ်အိမ်ကို တစ်ဖွဲ့ နှစ်ဖွဲ့ဆိုတော့ အဆင်တော့ ဘယ်ပြေမလဲ။ အဆင်မပြေပေမဲ့ လည်း နေလို့မှမရဲတာ အဲ့လိုပဲ ကပ်ခိုနေရတာပေါ့။”

ဒီအတောအတွင်း ကရင်ပြည်နယ်ထဲမှာပဲ ဇူလိုင်လ ၁၉ ရက် မနေ့က ကော့ကရိတ်မြို့အစွန့်ဘက်ကို လက်နက်ကြီးတွေ ကျလို့ အရပ်သားတချို့ ထိခိုက် ဒဏ်ရာရ ခဲ့ပြီးတဲ့နောက် တချို့က ဘေးကင်းမယ်ထင်တဲ့ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်လာကြတာ ရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မြို့ထဲတော့ ပုံမှန်တော့ သွားနေတယ်ဗျ ဟုတ်၊ ဒီမနက် ကြားတာတော့ ဟိုသတောင်ဘက်ခြမ်းတော့ ရပ်ကွက်တွေက ပြည်သူတွေတော့ ဒီဘက်မြို့တောင်ပေါ်ကျောင်းမှာ လာပြီးတော့ ခဏလာရှောင်တာပေါ့ခင်ဗျ။ ဒီမနက်တော့ မကြားတော့ဘူးခင်ဗျဟုတ်၊ ညကတော့ အဲ့လိုမျိုး တစ်လုံး နှစ်လုံးစ အဲ့လိုမျိုး အလုံးကြီးသံတော့ အဲ့လိုမျိုး ပစ်ထုတ်တာတော့ ရှိတယ်ခင်ဗျ။”

ကော့ကရိတ်မြို့နဲ့ အနီးမှာ တပ်စွဲ နေရာယူထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ တပတ်အတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က မြို့တွင်းရပ်ကွက်တွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာမှာ အရပ်သား ၅ ဦးလောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အဦးတွေ လည်း ထိခိုက်ပျက်စီးရတဲ့ အကြောင်း ဒေသခံ တိုင်းရင်းသတင်းတချို့က ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG