သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း  အသိမ်းပိုက်ခံရ


ကရင်ပြည်နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို သိမ်းပိုက်ခဲ့ကြတဲ့ ကရင် KNLA / PDF တပ်ဖွဲ့ဝင်များ။ (Photo: KNLA_PDF)
ကရင်ပြည်နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို သိမ်းပိုက်ခဲ့ကြတဲ့ ကရင် KNLA / PDF တပ်ဖွဲ့ဝင်များ။ (Photo: KNLA_PDF)

ကရင်ပြည်နယ် မြဝတီမြို့နားမှာ ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တဲ့နောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၈) တပ်စွဲရာ အရေးပါတဲ့ လတ်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


ကရင်ပြည်နယ် မြဝတီမြို့အနီးက စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ လတ်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ PDF စစ်ကြောင်း စတဲ့ ပူးပေါင်းတပ်များက ၂ ရက်ကြာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပြီးနောက် သိမ်းယူနိုင်ခဲ့တာပါ။ ဒီတာဝါတိုင် စခန်းကုန်းဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ စခန်းဖြစ်တာကြောင့် စစ်ကောင်စီကလည်း ပြင်းပြန်းထန်ထန် ခုခံခဲ့ပါတယ်။ သောကြာနေ့မှာ ဒီစခန်းကုန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

" မြဝတီဒေသအတွက် အရေးပါတဲ့ တာဝါတိုင်ကုန်းဆိုတာရှိတယ်။ အဲဒါ တာဝါတိုင်ကုန်းကို ပူးပေါင်းတပ်ဖွဲ့တွေ Federal Wings တို့ ဗိုလ်ဒါဘောတို့ ကော်ဘရာအဖွဲ့တွေကော ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေကော ကျနော်တို့ အဲဒီနေရာကို သိမ်းနိုင်ခဲ့တယ်။ အဲဒီမှာ ရန်သူ စကစ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းနိုင်ခဲ့တယ်။ ရန်သူ ကျဆုံးအင်အားလည်း ကျနော်တို့စီစစ်ဆဲပဲ၊ အများကြီး ကျဆုံးနိုင်တယ်လို့ ခန့်မှန်းရတယ်။ "

ဒီစခန်းကုန်းဟာ မြဝတီခရိုင်အတွင်းမှာ စစ်ရေးအရ အရေးပါတဲ့ ကုန်းဖြစ်ပြီး လေးကေ့ကော်နဲ့ တခြားနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

" တာဝါတိုင်ကုန်း.. တာဝါတိုင်ကုန်း ဆိုတာ နာမည်ကြီးပဲ။ စစ်ရေးအရ မဟာဗျူဟာကုန်းပဲ အဲဒီနေရာကနေ ဖလူးတို့လေးကေ့ကော်တို့ကိုလည်း အဲဒီကနေ ဗျူဟာအရ ကွပ်ကဲနိုင်တယ် လက်နက်ကြီးတွေနဲ့ ကူပစ်နိုင်တယ်။"

စစ်ကောင်စီရဲ့အရေးပါတဲ့စခန်း လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ထိခိုက်သေဆုံး စာရင်းနဲ့ပတ်သက်လို့တော့ အတည်ပြုနိုင်ခြင်း မရှိသေးသလို ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ၆ ဦး ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အထူးသဖြင့် ဒီစခန်းတွေ လက်လွှတ်လိုက်ရတာဟာ စစ်ကောင်စီတပ်သားတွေက စိတ်ပိုင်းဆိုင်ရာအရ အရှုံးပေးတဲ့အခြေအနေကြောင့်လည်း သိမ်းယူရတာ မြန်ဆန်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ကျဆုံးတယ်ဆိုတော့ စစ်ရေးဗျူဟာအရ နိုင်ငံရေးအရ စစ်ရေးအရဆိုရင် သူတို့အတွက် အများကြီး ထိခိုက်တာပဲ ၊ စစ်ရေးဗျူဟာအရ အရေးပါတဲ့ ကုန်းတကုန်းကို သူတို့ လက်လွှတ်လိုက်ရတယ်ဆိုတော့ နိုင်ငံရေးအရကော စစ်ရေးအရကော ဆုံးရှုံးတာပဲလေ။ ထိခိုက်ဒဏ်ရာတွေလည်း ရှိတယ်၊ အဲဒီတော့ ကုန်းကို ရခြင်းအားဖြင့် ရန်သူ (စကစ) တပ်တွေက ကစဉ့်ကလျားနဲ့ ထွက်ပြေးနေတာကို တွေ့ရတယ်၊ သေနတ်သံကြားရင် သူတို့ ဘယ်အပေါက်ကနေ ထွက်ပြေးရမလဲ လုပ်နေကြတယ်။ ရန်သူ စကစ−က စိတ်ဓါတ်ပိုင်းဆိုင်ရာအရ ကျဆင်းနေတာ တွေ့ရပါတယ်။ "

တာဝါတိုင် စခန်းကုန်းပေါ်မှာ ခြေမြန်တပ်ရင်း ခမရ(၁၁၈) တပ်ရင်းက အင်အား ၆၀ ဝန်းကျင်ရှိပြီး KNLA ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာပါ။ အခုအခါမှာ လက်ခတ်တောင်ကြော တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရေးအရ ဗျူဟာကျတဲ့ ကုန်းကို သိမ်းပိုက်အပြီးမှာတော့ ဆက်သွယ်ရေးစက် (၁)လုံး၊ ၆၀ မမ ဗုံးသီး(၁၆)လုံး၊ ရှေ့ထွက်မိုင်း (၆)လုံး၊ ကားမိုင်း(၉)လုံး လက်နက်ကြီးကျည်ဆံတွေ အပါအဝင် လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိတယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကေအန်ယူအနေနဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ ၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးတွေအပါအဝင် စုစုပေါင်း အင်အား ၂,၆၀၀ လောက် သေဆုံးခဲ့တယ်လို့ ကေအန်ယူရဲ့ သတင်းမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG