သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးမြို့နယ်ထဲ တိုက်ပွဲတွေ ပြင်းထန်


ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်တို့အကြားတိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြသူများ (ဇွန်၊ ၂၀၂၃)
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်တို့အကြားတိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြသူများ (ဇွန်၊ ၂၀၂၃)

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF ပူး‌ပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း နယ်မြေစိုးမိုးဖို့အတွက် တပ်အင်အားတွေ အများအပြား စေလွှတ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းမှာပဲ စစ်ဘေးရှောင် ၄သောင်းလောက် ထွက်ပြေးနေရတယ်လို့လည်းဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်တို့အကြား ဇွန်လ ၂၀ရက်နေ့က ထိတွေ့ တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“တအားပဲတိုက်ပွဲဖြစ်နေတာ။ နတ်သံကွင်းစခန်းကို ဝင်စီးပြီးကတည်းက နယ်မြေစိုးမိုးရေးအတွက်ဆိုပြီး စကစက သူတို့ စစ်တပ်ကို ကျနော်တို့ဘက်ကို တအားပို့နေတာ။ အခု ၂၀ ရက်နေ့ကတော့ ကျောက်ကြီး လယ်ဒို ရွာဘက်မှာ တိုက်ပွဲတွေဖြစ်တာ ၁ နာရီလောက်ကြာတယ်။”

ကေအန်ယူ တပ်မဟာ (၃) ထိန်းချုပ်ရာ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ဘေးရှောင်ကြတဲ့ ကျေးရွာတွေ အများအပြားရှိနေပြီး အခုလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတာက လူဦးရေ လေးသောင်းလောက်ရှိနေပြီလို့ ဆိုပါတယ်။

“ဒုက္ခသည်က အရင်ပြေးတဲ့ ရှောင်တဲ့သူတွေတောင် မပြန်နိုင်တာက အခုက ထပ်ပြေးရပြန်တယ်။ လူနေအိမ်တွေမှာ ပစ္စည်းတွေကို စစ်ကောင်စီက ဝင်ရှာ ဝင်မွှေပြီး တွေ့တာယူသွားကြတယ်။ အခု မုန်းဒေသ ကျောက်ကြီး မြို့နယ်ထဲမှာပဲ အရင်တိမ်းရှောင်တဲ့သူတွေ မပါသေးဘူး၊ အခု ဒီတခေါက်တိုက်ပွဲဖြစ်လို့ပြေးတာ လေးသောင်းကျော်ရှိတယ်။ ဟိုဘက်ရွာ၊ ဒီဘက်ရွာက တောတောင်တွေထဲ ဝင်ပုန်းရတယ်။ အဲဒီမှာ ဆွေမျိုးရှိတဲ့ရွာတွေကိုလည်း သွားဝင်ပုန်းကြတယ်။ အဲဒီမှာလည်း လက်လှမ်းမှီသလောက် ထွက်ပြေးပုန်းနေရတယ်။ အဲဒီမှာ လူတွေလည်း အတော်ဒုက္ခရောက်နေကြရပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်တို့အကြားတိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြသူများ (ဇွန်၊ ၂၀၂၃)
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်တို့အကြားတိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြသူများ (ဇွန်၊ ၂၀၂၃)

ဒီရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေ များနေကြောင်း ဒေသခံတွေကဆိုပါတယ်။ဇွန်လ ၆ရက်နေ့တုန်းက ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့စခန်းတွေဖြစ်တဲ့ နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနဲ့ နတ်သံကွင်းရဲစခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာမှုတွေရှိပြီးကတည်းက ကျောက်ကြီးမြို့နယ်ထဲမှာ လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးတွေ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။

အခုနှစ်ဘက်တိုက်ပွဲတွေကြောင့်ရော၊ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့်ပါ ဒေသခံတွေ ကျေးရွာအလိုက် ထွက်ပြေးနေရပြီး ဒေသတွင်းမှာ စစ်ဘေးရှောင်တွေ သောင်းနဲ့ချီပြီး ရှိလာနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG