သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တောင်ပိုင်းက ရေရှင် စစ်ရှောင်စခန်း ရိက္ခာပြတ်နေ


စစ်ကိုင်းတိုင်း၊ ကလေးမြို့
စစ်ကိုင်းတိုင်း၊ ကလေးမြို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရေရှင်စစ်ရှောင်စခန်းမှာ စားသောက်ရေးအတွက် ရိက္ခာပြတ်လတ်နေပြီး၊ ရေအခက်အခဲလည်း ရှိနေပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ ကလေးငယ်တွေ အပါအဝင် စစ်ရှောင်သူဦးရေ ၂၀၀၀ နီးပါး ရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ရေရှင်စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ မေလ အစောပိုင်းကတည်းက စားသောက်ရေးအတွက် ရိက္ခာပြတ်လတ်တာ ကြုံနေရတယ်လို့ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ကိုသူရိန်ဇင်က ပြောပါတယ်။

"လတ်တလော အခြေအနေမှာက ကလေးမြို့နယ်က အကြီးဆုံးစစ်ရှောင်စခန်း ရေရှင်စစ်ရှောင်စခန်းပေါ့။ ရေရှင်ကျေးရွာက ဖြစ်တယ်။ အဲဒီရွာက ရွာလုံးကျွတ်မီးရှို့ ခံရတဲ့အခြေအနေနဲ့ ကြုံတွေ့ထားတာဗျ။ စစ်ဘေးရှောင်နေရတာလည်း တရွာလုံးပေါ့နော်၊ တောတောင်ထဲမှာ ရှောင်နေရတာ ၂ နှစ်ပြည့်တော့မယ်ဗျ။ အဲဒီတော့ ရိက္ခာပိုင်းပေါ့၊ အဓိက ဆန်ပေါ့ဗျာ။ ၅ လပိုင်း အစကတည်းက ဆန်ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတယ်ဗျ။"

အဲဒီ ရေရှင်ကျေးရွာနဲ့ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ အစောပိုင်းတုန်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။ တိုက်ပွဲ ၃ ရက်ဆက် ဖြစ်ပွားပြီးတဲ့နောက်မှာ ရေရှင်ကျေးရွာက နေအိမ်တွေဟာ ရွာလုံးကျွတ်မီးရှို့ ခံရတဲ့အခြေအနေ ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု ရေရှင်စစ်ရှောင်စခန်းမှာ လူဦးရေ ၂ ထောင်နီးပါးရှိပြီး၊ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ဆောင်တွေမှာ ကျောင်းသားဦးရေ ၂၀၀ ကျော်တက်ရောက် ပညာသင်ကြားနေတယ်လို့ ပြောပါတယ်။

"အဲဒီ ကျောင်းသား ၂၀၀ ကျော်အတွက် ကျောင်းသုံးပစ္စည်းပေါ့၊ လိုအပ်ချက်တွေလည်း ရှိတယ်ဗျ။ လတ်တလောမှာကတော့ ပြည်ပမှာ ဘဏ္ဍာငွေ ရှာဖွေရေးကဏ္ဍပေါ့နော်၊ ဒီကျောင်းသား ၂၀၀ ကျော်အတွက် ကျောင်းဆောင် ၇ ဆောင် တည်ဆောက်ပေးနေတယ်ဗျ။ အမိုးအကာတွေ လုံလုံခြုံခြုံနဲ့ မိုးတွင်းမှာ အကောင်းဆုံး ပညာသင်ကြားနိုင်ဖို့ ကျနော်ကူညီပြီးတော့ တည်ဆောက်ပေးနေတယ်။ သို့ပေမယ့် ရေရှည်အတွက်မှာက ရေလိုအပ်ချက်တွေလည်း ရှိနေတယ်ဗျ။"

ကလေးငယ်တွေကို CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး သင်ကြားပေးနေတယ်လို့ သိရပါတယ်။ စစ်ရှောင်နေသူတွေအတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့တွေကနေ အရင်တုန်းက လစဉ်ထောက်ပံ့တာမျိုး ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အလှူတွေ ရပ်တန့်သွားလို့ စားသောက်ရေး ကြပ်တည်းနေကြတာပါ။ ရေလိုအပ်ချက်ကလည်း ရေရှင်စစ်ရှောင်စခန်းရဲ့ အဓိက အခက်အခဲ ဖြစ်နေပါတယ်။

"ရေရှင်စစ်ရှောင်စခန်းက ရေအင်မတန် ရှားပါးတယ်ဗျ။ ရေအရမ်းခက်ခဲတဲ့ စစ်ဘေးရှောင်စခန်း ဖြစ်တယ်။ ရေတွင်းတူးရင်တောင်မှ ရေတွင်းကို ကျနော်တို့ ရေစုတ်စက်နဲ့ အသုံးပြုပြီးတော့ သုံးနေရတဲ့ အနေအထား ရှိနေတယ်ဗျ။"

ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတဲ့ ရေရှင်ရွာခံတွေ အမိုးအကာနဲ့ တဲထိုးပြီး ကြုံရာနေရတဲ့ အခြေအနေမှာ စားသောက်ရေးနဲ့ ရေအခက်အခဲက အခုလတ်တလော အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ စာသင်ဆောင်တွေလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရပေမယ့် ပြန်လည်ပြုပြင်ပြီး သင်ကြားပေးနေပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ ထိတွေ့တိုက်ပွဲ မရှိတဲ့နေရာတွေမှာလည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ရွာတွေထဲ ဝင်လာတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ရွာတွေထဲဝင်လာရင် ဒေသခံတွေဟာ ၃-၄ ရက်လောက် ထွက်ပြေးတိမ်းရှောင်နေရာလည်း ပုံမှန်လိုဖြစ်နေတဲ့ အခြေအနေပါ။ ထိတွေ့တိုက်ပွဲ မရှိပေမယ့် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ တောက်လျှောက်ရှိနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG