သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လောင်းဒေသခံတချို့ နေရပ်ပြန်နိုင်ပေမယ့် တည်ငြိမ်မှု မရှိသေး


ကယားပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တချို့ကို တောတွင်းတနေရာတွင် တွေ့ရစဉ် (ဇွန် ၃၊ ၂၀၂၂)
ကယားပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တချို့ကို တောတွင်းတနေရာတွင် တွေ့ရစဉ် (ဇွန် ၃၊ ၂၀၂၂)

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ၊ တောင်မဲသင်းကျေးရွာက ဒေသခံတချို့ နေရပ် ပြန်လာနေကြတယ်လို့ ဒေသခံနဲ့ စစ်ရှောင်ကူညီနေသူက ဗွီအိုအေကို ပြောပါတယ်။ ဒေသအခြေအနေ တည်ငြိမ်တဲ့နေ့ရက်တွေဆို ကျေးရွာကို ပြန်လာအိပ်၊ တောင်ယာစိုက်ပျိုးကြပြီး ပစ်ခတ်သံတွေကြားရင် ဘေးလွတ်ရာကို ထပ်မံ ပြေးရှောင်ကြမယ်လို့ ဆိုပါတယ်။ ယာယီ ပြန်လာနိုင်ပြီဆိုပေမယ့် လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေပြောဆိုကြပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပင်လောင်းမြို့ ၊ နမ်းနိန်းကျေးရွာ၊ တောင်မဲသင်းကျေးရွာက တချို့ဒေသခံတွေ နေအိမ်ပြန်လာကြပြီလို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ကလေးသူငယ်တွေနဲ့ အသက်အရွယ်ကြီးရင်းသူတွေကတော့ စစ်ဘေးရှောင်တဲ့နေရာမှာပဲ ကျန်နေခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတွေဟာ အခြေအနေတည်ငြိမ်တဲ့ ရက်တွေဆို ကျေးရွာပြန်လာအိပ်တယ်၊ တောင်ယာစိုက်ပျိုးကြတယ်၊ ပစ်ခတ်သံတွေကြားရင် ဘေးလွတ်ရာကို ထပ်မံပြေးရှောင်ကြတယ်လို့ ခုလို ပြောပါတယ်။

“လက်နက်သံတွေတော့ ကြားနေရတုန်းဆိုပေမယ့် ဟိုဟာပေ့ါ၊ အခုက စိုက်ပျိုးရမယ့် အချိန်ရောက်ပြီတဲ့ဆိုခါကျတော့ သူတို့က ရွာပြန်တယ်၊ အခြေအနေကောင်းတဲ့ရက် နည်းနည်းပြန်ငြိမ်တဲ့ရက်ဆို သူတို့က သွားပြန် စိုက်ပျိုးကြတယ်ပေါ့၊ ဟို…အခြေအနေကောင်းတဲ့ညဆို ရွာမှာပြန်အိပ်တယ်၊ အခြေအနေမကောင်းရင်တော့ စောင်းပြောင်းပြန်အိပ်လိုက်၊ ဒီပင်လောင်းပြန်အိပ်လိုက် အဲ့လိုပဲပေါ့ရှင့်ဟုတ်။ ကလေးသူငယ်တွေနဲ့ အသက်ကြီးပိုင်းတွေခါကျတော့ ဒီပင်လောင်းမှာပဲနေခဲ့တာပေါ့ရှင့်ဟုတ်၊ နည်းနည်းသွားနိုင်လာနိုင်တဲ့လူတွေလောက်ပဲ ပြန်တယ်ရှင့်။”

တောင်မဲသင်းကျေးရွာနဲ့ နီးစပ်တဲ့ တောင်စလုံးကျေးရွာတွေမှာတော့ ပစ်ခတ်သံတွေ မစဲသေးပါဘူး။ စစ်ပြေးဒေသခံတွေ ယာယီနေအိမ်ပြန်နေနိုင်ပြီးဆိုပေမယ့် သေနတ်သံတွေကြားနေရတာမို့ အမြဲတမ်း စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“စိုးရိမ်တာတော့ ရှိတာပေါ့၊ ဘာလို့ဆို အသံတွေ ကြားနေရတုန်းဆိုခါကျတော့ သတိနဲ့နေရတာပေါ့။ အခြေအနေမကောင်းရင် ချက်ချင်းရှောင်မယ်၊ အခြေအနေကောင်းရင်တော့ ဒီတိုင်းဆက်နေမယ်။”

ဒေသခံတွေ စစ်ရှောင်နေတဲ့ ကာလမှာ ရစရာမရှိအောင် အိမ်တိုင်းစေ့ ဝင်ရောက်မွှေနှောက် ခံထားရတဲ့ အကြောင်း ပင်လောင်း စစ်ရှောင်ကူညီနေသူတဦးက ခုလို ပြောပါတယ်။

“အိမ်တိုင်း၊ အိမ်တိုင်းမှာ လုံးဝအမွှေခံထားရတာ ၊ ဘာမှရစရာလည်း မရှိတော့ဘူး၊ အိမ်မှာ။ ဘီရိုတွေရော၊ စောင်တွေရော အကုန်လုံး မွှေထားတယ်၊ ဘာမှရစရာလည်း မရှိတော့ဘူး။”

ဘေးလွတ်ရာမှာ စစ်ပြေးရှောင်နေရတဲ့ ဒေသခံတွေဟာ နီးစပ်ရာ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးအိမ်တွေမှာ နေထိုင်ကြပြီး တချို့က ယာယီ မိုးကာတဲထိုး နေကြရပါတယ်။

မိုးတွင်းကာလမှာ မိုးမလုံမရေမလုံမှုတွေနဲ့ ရင်ဆိုင်ကြုံတွေရနေပါတယ်။ ချက်ပြုတ်ဖို့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ ပြောပါတယ်။

“အခု မိုးတွင်းတော့အခါ နည်းနည်းတချို့နေရာကတော့ သိပ်အဆင်မပြေတာလည်း ရှိတယ်လေ၊ စစ်ရှောင်တဲ့နေရာမှာ သူတို့က ယာယီတဲတွေပဲ သူတို့ကစောင့်ပေးတယ် တချို့နေရာမှာ၊ အဲ့ဒီတော့ မိုးရွာတဲ့အချိန် မိုးတွေမလုံဘူး၊ မိုးမလုံတဲ့အခါကျတော့ ချက်ပြုတ်ဖို့တော့ ခက်ခဲသွားတယ်လေ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်က စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တောင်မဲသင်းကျေးရွာတဝိုက်မှာ နှစ်ဖက် တိုက်ပွဲပြင်းထန်လာတာပါ။ ဒါကြောင့် တောင်မဲသင်းကျေးရွာ ပတ်ဝန်းကျင်းက လုံးပျဉ်ကျေးရွာ နန်းနှမ်းကျေးရွာ တောင်စလုံးကျေးရွာ မြောက်စလုံးကျေးရွာတွေအထိ တိုက်ပွဲဧရိယာတွေ ကျယ်ပြန့်လာပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

ခုရက်ပိုင်းတွေမှာ တောင်မဲသင်းရွာ၊ လုံးပျဉ်ရွာ၊ နမ်းနိန်းရွာကတို့က ဒေသခံတချို့ ပြန်လာနိုင်ကြပေမယ့် လုံခြုံမှုမရှိကြသေးသလို တောင်စလုံးနဲ့ မြောက်စလုံးကျေးရွာဘက်က ဒေသခံတွေ ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG