သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါလျာခူရွာနား တိုက်ပွဲ ၆ ရက်ဆက်တိုက်ဖြစ်


Demoso (Photo: MIMU)
Demoso (Photo: MIMU)

ကယားပြည်နယ် ဒေသခံတွေအခေါ် ကရင်နီနယ် အရှေ့ခြမ်းက ဒေါလျာခူကျေးရွာတဝိုက်မှာ ဒီနေ့ မေလ ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်နေတာ ၆ ရက်ဆက်တိုက် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကိုအခြေခံပြီး ကိုရန်နိုင်က ပြောပြပါမယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ဒေါလျာခူကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဒီနေ့ဆို ၆ ရက်ရှိနေပါပြီ။ စစ်တပ်ဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ရွာခံတယောက်က ပြောပြပါတယ်။

“အခုထက်ချိန်ထိတော့ တိုက်ပွဲတော့ ပြင်းထန်နေတုန်းပဲ။ မနေ့ညက လေယာဉ်ပျံနဲ့လာတာ ဘယ်နှစီးလဲ မသိဘူးလေ၊ နောက် ဒီမနက်ဆို လက်နက်ကြီး ခဏခဏလာတော့ အခုချိန်ထိ မပြီးနိုင်သေးဘူးပဲ၊ (တိုက်ပွဲက) ဒီရက်နဲ့ပါဆိုရင်တော့ ၆ရက်ဆက်တိုက်ပေါ့။ ဟို...စစ်ကောင်စီဘက်က မဆုတ်သေးတော့ အဲ့သူတို့နေရာမှာပဲ သူတို့ ဆက်ဖြစ်သေးတယ်၊ ဒါပေမယ့် လက်နက်ကြီးကျတော့ သူတို့ထုလာတဲ့အခါကျတော့ ရွာခံဒေသမှာ ကျတယ်ပေါ့နော် တချို့အိမ်တွေလည်း ပျက်စီးသွားသေးတယ်၊ ဟိုတစ်ရက်က စစ်ဘေးရှောင်မှာ တစ်ခေါက်လာကြဲသွားသေးတယ်၊ ဒဏ်ရာတွေတော့ မရဘူး ဒါပေမယ့် အိမ်နဲ့တချို့တော်တော်များများ ပျက်စီးသွားတာရှိတယ်ဗျ။”

ဒေါလျာခူနားရွာဝန်းကျင်က စစ်ဘေးရှောင်နေသူတွေ ပုန်းခိုနေတဲ့ နေရာအပေါ် မေလ ၁၇ ရက်နေ့မနက်အစောပိုင်းက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာမှာ လူအထိအခိုက် မရှိပေမဲ့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ စစ်ဘေးရှောင်တွေ တိမ်းရှောင်နေတဲ့ ပါတ်ဝန်းကျင်နားမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောက်ထပ် ရွာခံတယောက်က ပြောပြပါတယ်။

"ဒီမနက်ကျတော့ ကျတာအများကြီးပဲ ဘယ်နှလုံးတောင်မှမသိဘူး၊ ရွာအနောက်ဘက်လည်း ကျတယ် ရွာဖက် ဒေါလျာခူ အဲ့ဘက်မှာလည်း ကျတယ် ရွာဘေးကပေါ့၊ အထိအခိုက်တော့ အဲ့ဒါကျမသိဘူး အိမ်မှာပဲနေနေလို့ လျှောက်လည်းမသွားရဲဘူးဆိုတော့လေ အိမ်မှာပဲနေနေတယ်ဆိုတော့၊ မနေ့ကဆိုလည်း ဒေါလျာခူဘက်မှာ အိမ်တွေ အကုန်လုံးပျက်စီးတယ်ရော။"

မေလ ၁၇ ရက်နေ့ကပဲ ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။ ဆေးရုံအဆောက်အဦ ၂လုံး၊ လူနေအိမ် ၆ လုံး ပျက်စီးခဲ့တယ်လို့ ဘော်လခဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ဗွီအိုအေကို ပြောဆိုထားပါတယ်။ ကရင်နီနယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရပ်သားပြည်သူတွေရှိရာဘက်တွေကို မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"အဖြစ်နိုင်ဆုံးကတော့ ကိုယ့်ရွာလေးမှာ ကိုယ်အေးအေးဆေးဆေးပြန်နေချင်တာပေါ့နော်၊ စစ်ကောင်စီက စစ်ကြောင်းပြီးပြီဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်၊ ရွာလေးလည်း လွမ်းနေပြီး ရွာလေးမှာ အိမ်လေးမှာ ပြန်နေချင်တယ် အဲ့လိုမျိုး အေးအေးဆေးဆေးပြန်နေချင်တယ်။"

ခုလိုအခြေအနေကြောင့် စစ်ဘေးလွတ်ရာ တိမ်းရှောင် ခိုလှုံနေကြတဲ့ ရွာသားတွေဟာ နေအိမ်ပြန်ဖို့ စိုးရိမ်နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG