သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ စစ်ရေးတင်းမာမှုတွေ ဆက်လက်ပေါ်ပေါက်


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ထူးလွီဘီလာကျေးရွာ နေအိမ်တချို့ မီးရှို့ခံရတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၃၊ ၂၀၂၁။ ဓာတ်ပုံ KNDF)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ထူးလွီဘီလာကျေးရွာ နေအိမ်တချို့ မီးရှို့ခံရတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၃၊ ၂၀၂၁။ ဓာတ်ပုံ KNDF)

စစ်ရေးတင်းမာနေတဲ့ ရှမ်း−ကယားနယ်စပ်က ဖယ်ခုံ−ပင်လောင်းမြို့နယ်စပ်မှာ ဒီကနေ့ထိ ကြိုကြားကြိုကြား နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲပဲလို့ KNDF က VOA ကို ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်ထဲမှာတော့ တိုက်ပွဲမရှိပေမယ့် ဒေသခံရှိရာဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးပါမယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင် လှုပ်ရှားမှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တောင်းပိုင်း ဖယ်ခုံ-ပင်လောင်း မြို့နယ်စပ်မှာ ဒီကနေ့ မေလ ၂ရက်နေ့အထိ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြား ဖြစ်နေဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတဦးက VOA ကို ခုလို ပြောပါတယ်။

“ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာတော့ ပုံမှန်အတိုင်းပဲပေါ့နော်၊ စစ်ရေးတော့ နည်းနည်းလေး နှစ်ဖက် ဘယ်လိုပြောမလဲ တချက်တချက် ကြိုကြားကြိုကြားပေါ့နော်၊ ထိတွေ့မှုတွေတော့ ရှိဆဲဖြစ်ပါတယ် ဟုတ်။ စစ်ကောင်စီက ရှိသေးတယ်နော်… မဆုတ်သေးဘူး၊ ဒါပေမယ့် ကျနော်တို့ ဒီ မြောက်စလုံးဖက်ကနေပြီးမှ ကျနော်တို့ ပူးပေါင်းတပ်တွေက သူတို့ကို တိုက်ခိုက်တဲ့အခါမှာ သူတို့က နည်းနည်း အထိနာတာပေါ့နော်။ အထိနာတော့ မြောက်စလုံးရဲ့ အကျော်ပေါ့နော် နှစ်ရွာကျော်လောက်မှာရှိတဲ့ တောင်မဲ့သင်းဘက်ကို သူတို့ ဆုတ်သွားတယ်၊ တောင်မဲသင်းမှာ သူတို့တပ်စွဲတယ်ပေါ့နော်။”

ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီကနေ့ တိုက်ပွဲမရှိပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲအနည်းငယ်ရှိခဲ့ပါတယ်။ ဒီအတောအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တဖက်သတ် တောက်လျောက် ပစ်ခတ်နေပေမယ့် အရပ်သားထိခိုက်မှုတော့ မရှိသေးဘူးလို့ KNDF က ပြောပါတယ်။

“တိုက်ပွဲကတော့ မဖြစ်ဘူးပေါ့နော်၊ အဲ့ဘက်က ဒီရက်မနက်ပိုင်းမှာ စစ်ကောင်စီက ဒီလက်နက်ကြီးပေါ့နော်၊ စစ်ကောင်စီရဲ့ ဒီးမော့ဆို အခြေစိုက် တပ်တွေဘက်ကနေပြီးမှ လက်နက်ကြီးနဲ့ ၁၀ လုံးလောက် ပစ်တယ်ပေါ့နော်။ ကံကောင်းချင်တော့ ဒီ ပြည်သူလူထု အထိအခိုက်တော့ မရှိဘူးပေါ့နော်။ နောက်တိုက်ပွဲလည်း မဖြစ်ဘူး အဲ့နေရာတွေက။ ပြီးတော့ အဲ့မှာက တကယ်လူထုတွေ နေတဲ့နေရာတွေနော်။ အဲ့နားတွေမှာတော့ လက်နက်ကြီးကျတယ်လို့ သိရတယ်ဗျ။ လူထုတော့ ထိခိုက်မှုမရှိဘူးပေါ့နော်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာကတော့ ထိတွေ့မှု ဒီရက်ပိုင်းထဲမှာတော့ နည်းနည်းလေးတော့ရှိတယ်။ တနီးလားလဲဘက်ပေါ့နော်၊ သို့သော်လည်းပဲ ဒီရက်ဆိုလို့ရှိရင် မရှိဘူးပေါ့နော်။”

ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ကျန်ရှိနေတဲ့ စစ်ရှောင် ဒေသခံတဦးကတော့ နှစ်ဖက်တိုက်ပွဲ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လက်နက်ကြီးကတော့ နေ့နေ့ညည ပစ်ခတ်မှုရှိနေတယ်လို့ ပြောပါတယ်။

“အသံတော့ နေ့ရောညရော ကြားတော့ကြားရတယ်ပေါ့နော်။ တိုက်ပွဲက မရှိတောင်မှ သူတို့က လက်နက်ကြီးနဲ့ ထုလာတယ် အဲ့လိုပေါ့။ အသံကျယ်တယ်။ ဘာလို့လဲဆို ဒီနားနဲ့ သူတို့ထုနေတာနဲ့ နီးနီးလေးပဲလေ၊ အဲ့ဒါကြောင့်မို့ အဲ့နား ရွာထဲတွေ ကျနေတယ်။ တချို့ကျတော့ တောင်ပေါ်မှာရော သူတို့ထုတာ အများကြီးပဲ။ နေ့ရော ညရော၊ ရွာထဲမှာဆို လူသိပ်မရှိတော့ဘူး။ သူများတွေက အကုန်လုံး ရှောင်ကုန်းတယ်ဆိုတော့ ရွာထဲမှာတော့ လူတော့ သိပ်မှရှိတော့ဘူး။”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ အများစုက ဘေးကင်းတဲ့ ရပ်ဝေးဆီ ပြောင်းရွှေ့နေထိုင်ကြပြီး ငွေကြေးအခက်အခဲရှိသူနဲ့ သွားလာရေး အဆင်မပြေတဲ့သူ အနည်းငယ်လောက်သာ ကျန်ရှိနေတယ်လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်သံတွေကြားရရင် ဗုံးခိုကျဉ်းထဲမှာ ပုန်းခိုနေကြရပြီး အမြဲတမ်း စိုးရိမ် ကြောက်လန့်နေရကြောင်း ပြောဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ဦးတည်ရာမရှိ ဘာကြောင့် ပစ်ခတ်တိုက်ခိုက်နေသလဲဆိုတာ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ခုတတလော လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG