သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲ၊ ဖယ်ခုံ တိုက်ခိုက်မှုတွေမှာ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်နေသည့် ဖယ်ခုံမြို့နယ် တနေရာ။ (Photo: ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖယ်ခုံမြို့နယ်)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်နေသည့် ဖယ်ခုံမြို့နယ် တနေရာ။ (Photo: ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖယ်ခုံမြို့နယ်)

ရှမ်းပြည်နယ်မှာ လေကြောင်းအပါအဝင် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲနဲ့ ဖယ်ခုံမြိုနယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ဆက်လက် တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

ဒီနေ့ မနက်အစောပိုင်းက မိုးဗြဲမြို့အထွက် ညောင်ဝိုင်းရပ်ကွက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေအကြား နှစ်ဘက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ၄ကြိမ်လောက် လာပြီး တိုက်ခိုက်သွားတယ်လို့ မိုးဗြဲမြို့ စစ်ရှောင်ကူညီနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီမနက် ၆နာရီမထိုးခင်ကတည်းက ဒါတိုက်ပွဲပြန်စတယ်၊ အဲ့မှာ ၉ နာရီ မိနစ် ၅၀ ဝန်းကျင်လောက်မှာ လေယာဉ်နဲ့ ၄ကြိမ်လောက် လာကျဲတယ်ပေါ့၊ အခု တိုက်ပွဲဖြစ်တဲ့ အချိန်အတွင်းမှာ လက်နက်ကြီးကျတာမှ တော်တော်လေး များတယ်၊ အိုးအိမ်ထိခိုက်မှုတွေက အတော်များမယ်လို့ ထင်တာပဲ ကျနော်တို့ အနေနဲ့ခါကျတော့ တိုက်ပွဲဖြစ်နေဆဲမို့ပေါ့ ဘာမှလည်း သွားလာလှုပ်ရှားလို့မရဘူးပေါ့၊ ပိတ်မိနေတဲ့ ပြည်သူတချို့ရှိတယ်လို့တော့ သတင်းကြားပေါ့နော် မနက်အစောကြီးဖြစ်တဲ့အခါကျတော့ မသိတဲ့လူတွေ ထွက်မမီတာတွေ အဲ့မျိုးပေါ့နော် ထွက်သွားလို့အဆင်မပြေတဲ့ လူတွေပေါ့နော်၊ ကျန်ရှိတာပေါ့။”

လေယာဉ်ပြန်လှည့်သွားပြီးနောက် လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတာလို့ ပြောပါတယ်။ မနက် ၅နာရီကျော်ကနေ မနက် ၁၀ နာရီအထိ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလထဲ မိုးဗြဲမြို့ပေါ် တိုက်ပွဲပြင်းထန်ပြီးနောက် ဒေသခံတွေ တမြို့လုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာပါ။ ဒေသတည်ငြိမ်အစပြုလာလို့ နေအိမ်ပြန်နေတဲ့အချိန် အခုတဖန် တိုက်ပွဲပြင်းထန်လာတာလို့ ပြောပါတယ်။

ဧပြီလ ၂၅ ရက် မနေ့ နေ့ခင်းပိုင်းလောက်က ဖယ်ခုံမြို့နယ် ဆောင်းဖွေးကျေးရွာဘက် ရွာခံတွေနဲ့ စစ်ပြေးရှောင် ပြည်သူတွေ ခိုလှုံတဲ့ လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို စစ်ကောင်စီဖက်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဝန်ထမ်းနဲ့ အမျိုးသမီးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ခုလိုပြောပါတယ်။

“အဲ့ဒီလိုမျိုး ပစ်ခတ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ပြည်သူလူထုပေါ့နော် ၅ဦးထိခိုက်တယ်၊ ၃ဦးကတော့ အရပ်သားတွေပေါ့နော်၊ ဆေးကိုလာကုသတဲ့လူတွေ ကျန်းတဲ့ ၂ဦးက ဆေးရုံဝန်ထမ်းတွေလို့ ကျနော်တို့ သိရတယ်ပေါ့နော် အဲ့ဒီထဲမှာ အမျိုးသမီးက ၂ဦး အမျိုးသားက ၃ဦးပေါ့နော် အဲ့တော့ ၁၅နှစ်သားလေးတစ်ယောက်ပါတယ်၊ နောက်ဒီထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး ၂ဦးထဲက တစ်ဦးပေါ့နော် မွေးကင်းစ ကလေးအမေဖြစ်တာပေါ့နော် ၃ရက်ပဲရှိတယ် ကလေးမွေးတာ၊ ကလေးကိုတော့ အသားဝါဝင်တယ်ဆိုပြီးတော့ ပေါင်းအိုထဲမှာ ထည့်ထားပါတယ်ပေါ့နော်၊ ကလေးအမေက ခေါင်းမှာ ထိတယ်ပေါ့နော် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ကျနော်တို့ ကနဦး ကြားထားပါတယ်ဟုတ်။”

စစ်ကောင်စီအနေနဲ့ ဆေးရုံ၊ဆေးခန်းနဲ့ စစ်ရှောင်စခန်းတွေလိုနေရာမျိုးမှာ မကြာခဏ ပစ်မှတ်ထား ပိုမိုတိုက်ခိုက်လာတယ်လို့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ ဆောင်းဖွေးကျေးရွာရဲ့ ဆေးပေးခန်းဟာ ရွာသူရွာသားနဲ့ စစ်ပြေးရှောင်အရပ်သားတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့အတွက် ကိုယ်ထူကိုယ်ထတည်ဆောက်ထားတာပါ။

ဖယ်ခုံမြို့
ဖယ်ခုံမြို့

ဆောင်းဖွေးကျေးရွာတဝိုက်မှာ တိုက်ပွဲပွားခြင်းမရှိသလို အဲ့နေရာမှာ ကာကွယ်ရေးတပ်တွေလည်း ရှိမနေဘူးလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က ပြောပါတယ်။ KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးက အရပ်သားခိုလှုံနေထိုင်ကြတဲ့ နေရာကို မကြာခဏပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောပါတယ်။

“အိုးတွေ အိမ်တွေ စွန့်ခွာပြီးတော့မှ သူတို့ လုံခြုံမယ်ထင်တဲ့ နေရာကို သူတို့ မိသားစုတွေအလိုက်ပေါ့နော် ရွှေ့ပြောင်းပြီးတော့မှ ဒီစစ်ဘေးရှောင်နေတဲ့ အနေအထားမျိုးပေါ့လေနော်။ ဒီလူတွေက စစ်ရဲ့ဒဏ်ကို အလူးအလဲခံရပြီးပြီ။ သူတို့ရဲ့ ရပ်ရွာတွေ အိုးအိမ်တွေကိုလည်း သူတို့ စွန့်လွှတ်ပေးထားရပြီးပြီ။ ဒါတောင်မှ သူတို့ ထပ်ပြီးတော့မှ လုံခြုံမယ်ထင်တဲ့နေရာတွေကို သူတို့သွားပြီးတော့မှ တိမ်းရှောင်နေရတဲ့ အခါမှာတောင်မှ သူတို့လိုက်ပြီး တိုက်ခိုက်ခံနေရတာကတော့ ဒါလူသားမဆန်ဘူးပေါ့ဗျာ၊ စစ်ကောင်စီက ဒါရာဇဝတ်မှု စစ်ရာဇဝတ်မှုကို သူက မသိမသာမဟုတ်ဘူး ပေါ်ပေါ်ထင်ထင်ကို ကျူးလွန်တယ်လို့ ပြောလို့ရတယ်ဗျ။”

ဒါ့အပြင် ဧပြီလ ၂၃ ရက်နေ့ ညပိုင်းတုန်းက ကယားပြည်နယ်က ဘောလခဲမြို့နယ် ဟော်ခမ်းကျေးရွာတဝိုက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အရပ်သားတွေ ထိခိုက်သေကျောမှုတွေ ကြုံနေရတဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြပါတယ်။

“စိတ်တော့ မကောင်းဘူးပေါ့နော် အဲ့လိုမျိုးဖြစ်နေတော့ ဘယ်လိုပြောရမလဲ မသိဘူး စိတ်တော့ မကောင်းဘူး ပြီးတော့ ကြောက်လည်း ကြောက်ကြတာပေါ့နော်၊ အဲ့မျိုးဆိုတော့ သူကတော့ စစ်ရှောင်တဲ့ ပြည်သူတွေအပေါ်မှာတော့ မတိုက်ခိုက်သင့်ဘူးပေါ့နော်။”

ဆောင်းဖွေးကျေးရွာတိုက်ခိုက်မှုဖြစ်စဉ်နဲ့ မိုးဗြဲတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ လေကြောင်း အပါအဝင် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း မကြာခဏ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG