သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြား ဒေသခံတွေပိတ်မိ


ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ (မေ ၁၇၊ ၂၀၂၃)
ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ (မေ ၁၇၊ ၂၀၂၃)

တိုက်ပွဲတွေ လနဲ့ချီဖြစ်ပွားနေတဲ့ ကရင်နီဒေသမှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ကျယ်ပြန့်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီမော့ဆိုမြို့နယ်မှာ ဆိုရင်လည်း ဒေသခံတချို့ တိုက်ပွဲတွေ ရက်ဆက် ဖြစ်နေတဲ့ကြား ပိတ်မိနေကြတာပါ။ ကရင်နီဒေသက တိုက်ပွဲတွေ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ဒေါလျာခူကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ဒီနေ့နဲ့ပါဆို ၉ ရက်ရှိနေပါပြီ။ စစ်ရှောင်ရွာခံတဦးကတော့ မနက်အစောပိုင်းကတည်းက သူတို့ အနီးအနားပတ်ဝန်းကျင်မှာ လက်နက်ကြီး တောက်လျှောက် ကျရောက် ပေါက်ကွဲနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

တိုက်ပွဲကြောင့် ရွာသူရွာသားအများစုက နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသလို လက်ရှိ တိုက်ပွဲဧရိယာထဲမှာ ပိတ်မိနေသူ တချို့လည်း ရှိနေတဲ့အကြောင်း စစ်ရှောင်ရွာခံက ခုလို ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတုန်းပဲ။ ဒီမနက်တောင်မှ (လက်နက်ကြီး)ကျရောက်တာ အများကြီးပဲလို့။ လက်နက်ကြီးတွေ ထုလာတာ အများကြီးထုလာတာ။ ဒီမနက်က ဒီမှာနီးနီးလေးပဲ ကျတာကို။ ဒီမှာကျတော့ ပိတ်မိနေတယ်လို့ပဲ ပြောမှာပေါ့။ သွားစရာနေရာမှ မရှိတော့တာ။ အိမ်မှာပဲ နေနေတယ်၊ ဘယ်မှသွားမှမသွားရဲဘူး။”

ပြီးခဲ့တဲ့ မတ်လထဲက စစ်ကောင်စီတပ်တွေ အင်အားများများနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ထိုးဆင်လာကတည်းက တိုက်ပွဲအရှိန် မြင့်လာပြီး လနဲ့ချီကြာ ကြိုကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာရာက အခုရက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီးမော့ဆိုအရှေ့ခြမ်းကတော့ မတ်လကတည်းကပေါ့နော်၊ စစ်ကောင်စီ စစ်ကြောင်းထိုးလာတယ်။ တိုက်ပွဲစဖြစ်တယ်ပေါ့နော်။ ဆိုတော့ အခုထိ ဒီနေ့ထိပေါ့နော် တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ။ တချို့ရက်တွေကျရင် တိုက်ပွဲက ကြီးတာတွေရှိတယ်၊ တိုက်ပွဲပြင်းထန်တယ်၊ တချို့ရက်တွေ ကျတော့လည်း တိုက်ပွဲအငယ်လေးတွေ ဖြစ်တာပေါ့နော်။ ဆိုတော့ နေ့စဉ်နီးပါး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃၊ ၄ရက်ကတော့ တိုက်ပွဲတွေ ကြီးကြီးမားမား ပြန်ဖြစ်တာပေါ့နော်။ ပြီးခဲ့တဲ့အပတ်လောက်ကနေ စပြီးတော့နော်၊ စစ်ကောင်စီဘက်က ဒါလေကြောင်း တိုက်ခိုက်မှုတွေ နေ့ရော ညအပါအဝင်ပေါ့နော်၊ မနက်အစောကြီးပဲ အဲ့လို တိုက်ခိုက်တာတွေ ရှိတယ်ပေါ့နော်။ စာသင်ကျောင်းတွေ၊ ကျေးရွာတွေထဲ လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်တယ်ပေ့ါနော်။”

လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့ဘက်ကနေ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းကို အနည်းဆုံး စစ်ကြောင်း ၃ ကြောင်း စစ်ဆင်လာပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အကြောင်း KNDF က ပြောပါတယ်။ အဲ့ဒီလမ်းကြောင်းကို အသုံးပြုပြီး လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတဲ့အကြောင်း ပြောပါတယ်။

“သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ လွိုင်ကော်−ဒီးမော့ဆိုကို ဖြတ်ပြီးတော့ ဒီ ဘောလခဲအထိ သူတို့ ထောက်ပို့လမ်းကြောင်းကို သူတို့ ထိန်းချုပ်နိုင်ဖို့ပေါ့နော်။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဒေါတမကြီး၊ ဘောလခဲ လမ်းပိုင်းကို ဒါ သူတို့ထိန်းချုပ်နိုင်ဖို့အတွက် ဒီ ထောက်ပို့လမ်းကြောင်းပေါ့နော်၊ စစ်အင်အားဖြည့်တင်းနိုင်ဖို့ စစ်ကြောင်းထိုးလာတယ်လို့ ကျနော်တို့ ယူဆရတယ်ပေါ့နော်။”

ဒါကြောင့် တိုက်ပွဲဧရိယာတွေ တဖြေးဖြေး ပိုမိုကျယ်ပြန့်လာပြီး ဒေါပိုးစီး ကျေးရွာကနေ တနီလားလဲ ကျေးရွာ၊ ဒေါလျာခူ ကျေးရွာတို့အထိ ရောက်လာတယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ လေကြောင်းအသုံးပြု ပစ်ခတ် တိုက်ခိုက်တဲ့အပြင် တိုက်ပွဲနဲ့မဆိုင်တဲ့ လူနေ ကျေးရွာဘက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ KNDF နဲ့ ရွာခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဆေးခန်းနဲ့ လူနေအိမ်တချို့ ထိခိုက် ပျက်စီးမှုရှိနေပါတယ်။

အဲဒီလို ပြောဆိုမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လကနေ လက်ရှိအချိန်ထိ တိုက်ပွဲအတွင်းမှာ နှစ်ဖက် အသေအပျောက်တွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဖက်က ရာနဲ့ချီ သေဆုံးခဲ့တဲ့အကြောင်း KNDF က ခုလို ပြောပါတယ်။

“အားလုံးပေါင်းရင်တော့ စစ်ကောင်စီက ဒါ ၂၀၀ ကနေ ၃၀၀ နီးပါးလောက်တော့ ကျဆုံးနိုင်တယ်လို့ ကျနော်တို့ ယူဆပေါ့နော်။ အလောင်းတွေ တွေ့တာလည်း ပါတယ်။ ဆိုတော့ အထူးသဖြင့် မတ်လရယ်၊ ဧပြီလမှာဖြစ်တဲ့ ဒီတိုက်ပွဲတွေထဲမှာဆိုရင် ဒေါတမကြီး တိုက်ပွဲမှာဆိုရင် ဒါ စစ်ကောင်စီရဲ့ အလောင်းတွေ လေး−ငါးဆယ်လောက်ကို တွေ့ရတယ်ပေါ့နော်။ နောက်သိမ်းဆည်းရမိတဲ့ လက်နက်ကြီးတွေကလည်း ဒါ ရာချီပြီးပေါ့နော်။ ဆိုတော့ သိမ်းဆည်းရမိတဲ့ လက်နက်တွေအပေါ်မှာလည်း ကျနော်တို့ ရေတွက်ပြီး သိရတယ်ပေါ့နော်။”

စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတဲ့ စာရင်းကိုတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG