သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲတိုက်ပွဲတွေအတွင်း ဒေသခံအများအပြား ထိခိုက်သေဆုံး


မိုးဗြဲမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားနေ (ဇွန်၊ ၂၀၂၃)
မိုးဗြဲမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားနေ (ဇွန်၊ ၂၀၂၃)

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ရက်ရှည် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၂၇ ဦးထက်မနည်း ရှိသွားပြီလို့ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတွေ အကုန်လုံးနီးပါး မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က မိုးဗြဲမြို့မှာ တိုက်ပွဲ ပြန်လည် စတင်ခဲ့တာ ဒီကနေ့အထိ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပါတယ်။ မြို့ရဲ့ နေရာအနှံ့မှာ တိုက်ပွဲကျယ်ပြန့်လာတာကြောင့် ဒေသခံတွေ အကုန်လုံး နီးပါး မြို့ကို စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနောက်ပိုင်း ပြန်ဖြစ်တဲ့ဟာလည်း တစ်ပတ်ကျော်သွားပြီပေါ့၊ ဒီလထဲဖြစ်တဲ့ဟာ။ (နေရာ)အနှံ့ပါပဲ ဒီရက်ပိုင်း မိုးဗြဲမြို့တွင်းမှာတွေရော၊ မြို့ထဲမှာရော၊ မြို့အပြင်ဖက်တွေမှာရော တော်တော်များများ(တိုက်ပွဲ) ဖြစ်ပါတယ်၊ စစ်မျက်နှာပြင်ကတော့ ဒီမြို့တွင်းက အကုန်ဖြစ်တယ်လို့ပဲ ပြောလို့ရမှာပေါ့။ မြို့ထဲဒေသခံတွေ မရှိတော့ပါဘူး၊ အကုန်လုံးနီးပါးရှောင်ထွက်ကုန်ကြတာပေါ့နော်။ ဒီတစ်ခေါက်ကျတော့ တိုက်ပွဲကြီးကျယ်တယ်၊ ပြင်းထန်တယ်။ နောက်ပြီး အရပ်သားထိခိုက်တဲ့ဟာတွေ များတာပေ့ါနော်။ နောက် ပစ်ခတ်ခံရတဲ့ဟာတွေလည်း များတယ်။ အဲ့ကြောင့် ဒီအခြေအနေတစ်ခုနဲ့ အကုန်လုံး ဒီမြို့ကို စွန့်ကြတာပေါ့။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်သလို လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုပြီး ဦးတည်ရာမရှိ တောက်လျှောက် ပစ်ခတ်နေတယ်လို့ မြို့ခံတွေနဲ့ ကယ်ဆယ်ရေးလုပ်နေသူက ပြောဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေ မြင့်တက်နေပါတယ်။ လက်ရှိအချိန်ထိ အရပ်သား သေဆုံးသူ ၂၇ ဦးထက်မနည်း ရှိသွားပြီလို့ မြေပြင်ကယ်ဆယ်ရေးလုပ်သူက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး မကောက်နိုင်တဲ့ အလောင်းတွေလည်း အများအပြား ရှိသေးတယ်လို့ ပြောပါတယ်။

“ခန့်မှန်းခြေဆိုတော့ ကျနော်တို့ ဒီ ကောက်ရတဲ့ဟာတွေ၊ ဒီကုသရတဲ့ဟာဆိုရင် အယောက် ၂၁ ဦးဆိုတော့ အခုတော့ ထပ်ကျန်နေတာ ၅ဦး ၆ဦးပေါ့နော်။ ၅ဦး၊ ၆ဦးဆိုတော့ (အရပ်သားသေဆုံးသူ)၂၇ ၊ ၂၈လောက်ရှိမယ်ပေါ့။​ဒါ အနည်းဆုံးပဲပေါ့နော်။ တကယ့် တကယ် ဝင်လို့မရဘူး၊ တိုက်ပွဲလည်း ဆက်တိုက်ဖြစ်တာပေါ့နော်။ အဲ့ဒါဆိုတော့ ဘယ်နှစ်ဆယ် ထပ်ရှိနိုင်မလဲ ကိုယ်မသိဘူးပေါ့နော်။ တိုက်ပွဲ မနေ့ညလည်း ပြင်းထန်တယ်ပေါ့နော်၊ ဝင်လို့မရဘူးပေါ့။ ဒီစစ်ဖြစ်တဲ့ ဧရိယာမှာ ဝင်လို့မရသေးဘူး။​ဆန်တွေ ဘာတွေ၊ ရိက္ခာတွေ ပြန်ယူလို့တော့ မရတဲ့ အနေအထားပေါ့။”

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့ မှာလည်း မကြာခဏ တိုက်ပွဲဖြစ်နေတာပါ၊ မြို့ခံတွေကလည်း ပြေးလွတ်ရာကို ထွက်ပြေးလိုက်၊ ဒေသတည်ငြိမ်ရင် ပြန်လာလိုက်နဲ့ မကြာခဏ ပြေးလွှားနေရတာပါ။

ဒါပေမယ့် ဒီတခါဖြစ်တဲ့ တိုက်ခိုက်မှုတွေက အဆိုးဝါးဆုံးဖြစ်စဉ်တွေဖြစ်ပြီး ကလေးသူငယ်အပါအဝင် အရပ်သားသေဆုံး ထိခိုက်မှုလည်း အင်မတန် မြင့်တက်လာတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

မိုးဗြဲမြို့ရဲ့ လတ်တလော တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖက်ကတော့ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က တာဝေးပစ် လက်နက်ကြီး အလုံး ၁၀၀ ထက်မနည်း ကူပစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က ၂၀ ဦးထက်မနည်း သေဆုံးကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဖက်က ၄ဦးကျဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG