သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလော စစ်ရှောင်တွေ နေရပ် မပြန်နိုင်သေး


ပုလောမြို့ (photo: C J)
ပုလောမြို့ (photo: C J)

ပုလော စစ်ရှောင်တွေ နေရပ် မပြန်နိုင်သေး

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ လတ်တလော တိုက်ပွဲတွေ မပြင်းထန်ပေမယ့် စစ်ကောင်စီတပ်စခန်းဘက်က လက်နက်ကြီးတွေနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတွေ ထိခိုက်သေဆုံး ကြရတဲ့အပြင် လနဲ့ချီ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒေသခံတွေလည်း နေရပ် မပြန်နိုင်ကြသေးပါဘူး။ ယာယီ တဲထိုးနေရတဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ မိုးဒဏ်လေဒဏ်ခံနေရပြီး ကျန်းမာရေး ထိခိုက်နေတဲ့အကြောင်း သတင်းပေးပို့ချက်ကိုအခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။


တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ပုလောမြို့နယ် တိုကျေးရွာ သင်္ကန်းတောကျေးရွာဘက်မှာ လတ်တလော တိုက်ပွဲ တည်ငြိမ်စပြုပေမယ့် စစ်ကောင်စီတပ်တွေက သူတို့ အခြေစိုက်ရာ တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ဦးတည်ရာမဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဘယ်ပြန်နိုင်မလဲ အခု မိုးထဲမှာ လယ်ကွင်းထဲမှာ နေရတာ။ သူတို့က ဘုရားစေတီပေါ်မှာ နေတာလေ တောင်ပေါ်က ဘုရားစေတီ အဲ့ကနေတဆင့် ညီမလေးတို့ဘက်ကို လက်နက်ကြီး တအားထုတာ၊ တိုက်ပွဲ မရှိဘူး၊ ဒီလိုပဲထုတာ။”

ပုလောမြို့နယ်ထဲက တိုကျေးရွာမှာ စစ်ကောင်စီတပ်တွေက စေတီဘုရားပေါ်မှာ တပ်စွဲထားပြီး အဲဒီကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။

လတ်တလောမှာတော့ ပုလောမြို့နယ်မှာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲတွေ မရှိပဲ တည်ငြိမ်နေတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေး တာဝန်ခံတဦးက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ ကာကွယ်ရေးတပ်တွေ ရှိမယ်ထင်တဲ့နေရာကို လက်နက်ကြီးတွေနဲ့ မကြာခဏ တိုက်ခိုက်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတဲ့အကြောင်း ပြောပါတယ်။

“မင်းထိန် ရွာမှာလည်း အဲ့လိုပဲ လက်နက်ကြီးကျည်ကျပြီးတော့ ကျည်ထိပြီးတော့ ဆုံးတာပေ့ါနော်။ စစ်ကောင်စီကနေပြီးတော့ သူတို့က လက်နက်ကြီးတွေနဲ့ ဟိုဘက် ဟိုပစ် ဒီပစ် စောင့်ပစ်နေတာ အဲ့လိုပဲ။ သူတို့က နည်းနည်း မသင်္ကာဘူးဆိုရင် အဲ့ မသင်္ကာတဲ့နေရာကို ပစ်တော့တာ၊ အဲ့ဒါဆို အရပ်သားတွေမှာ သွားသွားပြီးတော့ ထိတာပေါ့ အဲ့လိုမျိုး။”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းပြန်ကြားရေးကို ဗွီအိုအေက ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။ စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဇွန်လ ၇ ရက် ညနေလောက်က မင်းထိန်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၅၀ ကျော်အရွယ် ဦးဖိုးချောင်း သေဆုံးပြီး၊ အသက် ၄၀ ကျော်အရွယ် ဒေါ်စီစီ ဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ တိုင်းရင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ရေးပဋိပက္ခကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ခုချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။ စစ်ရှောင်အများစုက ဥယျာဉ်တွေနဲ့ လယ်ကွင်းပြင်တွေမှာ ယာယီတဲထိုးပြီး ဖြစ်သလို နေထိုင်ကြရတာပါ။ မိုးတွင်းကာလဖြစ်တဲ့အတွက် မိုးဒဏ်လေဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေ မသန့်ရှင်းတာကြောင့် စစ်ရှောင်တချို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သောက်သုံးရေ မသန့်လို့ အဲ့မှာ ဝမ်းရောဂါတွေ ဖြစ်ချင်သလိုမျိုး ဖြစ်နေတာပေါ့။ တခါတလေကျ အဲ့လိုဖြစ်လာပြီဆိုရင် အိမ်တိုင်းလိုလိုဖြစ်တာ၊ တဲတိုင်းလိုလိုလေ။ မိုးတွင်းကာကလ မိုးရေထဲမှာ ဒီလိုပဲ တဲထိုးပြီးနေရတယ် မိုးရွာတော့ ပင်ပန်းတာပေါ့ သွားလာလို့လည်း မရဘူးလေ၊ အားလုံး ခက်ခဲတာပေါ့ ဘာတခုမှလည်း အဆင်မပြေဘူး။ မိုးစိုတာပေါ့ တဲတွေက မိုးမလုံဘူးလေ။”

စစ်ပြေးဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့အချိန် ကြာလာတာနဲ့အမျှ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် နေရပ်ပြန်နိုင်ကြဖို့ မျှော်လင့်နေကြတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG