သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်း လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ အဖမ်းအဆီးများလာ


လောင်းလုံ မြို့မရဲစခန်း (photo: CJ)
လောင်းလုံ မြို့မရဲစခန်း (photo: CJ)

တနင်္သာရီတိုင်း လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ အဖမ်းအဆီးများလာ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်တွေမှာ ဒီလအတွင်း ဒေသခံ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ခိုက်မှုတွေနောက်ပိုင်း အဖမ်းအဆီးတွေ များလာနေပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာတော့ လဝကရုံး၊ စရဖရုံးနဲ့ မြို့မရဲစခန်း ဝင်ရောက် တိုက်ခိုက်တာ ခံရပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် လဝက ဒုဦးစီးမှူးတဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန်က ပြောပြမှာပါ။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ မေလ ၂၃ ရက်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက လူဝင်မှုကြီးကြပ်ရေးရုံး၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးနဲ့ လောင်းလုံးမြို့မ ရဲစခန်းတို့ကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ထားဝယ်နဂါးတပ်ခွဲ ၅ တို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးသူရှိခဲ့တယ်လို့ လောင်းလုံး ပကဖ ရဲဘော်တဦးက ပြောပါတယ်။

"လဝကရုံးကို ဝင်တဲ့အခါကျတော့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိတယ်။ လဝကရုံးနဲ့ အနီးဆုံးနေရာမှာရှိတဲ့ စရဖရုံးကိုလည်း ဝင်ပစ်ကြတယ်။ ရဲစခန်းနဲ့ ထွေအုပ်ရုံးကိုလည်း ဝင်ပစ်တယ်ပေါ့။ အဲဒီမှာ အပြန်အလှန် ပစ်ခတ်တာတွေ ၁၅ မိနစ်လောက် ပစ်ကြတယ်ဗျ။ ဒုဦးစီးမှူး ၁ ယောက်ရယ်၊ ဝန်ထမ်း ၂ ယောက်ရယ် ကျတယ်လို့တော့ သတင်းထွက်တယ်ဗျ။"

စစ်ကောင်စီဘက်က လဝက ဒုတိယဦးစီးမှူး ဦးသိန်းမင်းလတ်ကို အခု မြို့ပြစစ်ဆင်ရေးမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီဖြစ်စဉ်ပြီးတဲ့ နောက်တနေ့ကစပြီး လောင်းလုံးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အား ထပ်တိုးလာသလို၊ မြို့ပေါ်မှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ညဘက် ဧည့်စာရင်း စစ်တာတွေ တောက်လျှောက် လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေလည်း ရှိပြီးတော့ တချို့ကို စစ်ဆေးပြီး ပြန်လွှတ်တာတွေကြောင့် အရေအတွက်အတိအကျ ပြောဖို့ခက်နေပေမယ့် ဖမ်းဆီးခံရသူ အယောက် ၇၀ ဝန်းကျင်လောက် ရှိတယ်လို့ လောင်းလုံး ပကဖရဲဘော်က ပြောပါတယ်။

"အခုလက်ရှိလည်း လောင်းလုံးမှာ စစ်ကောင်စီက စစ်ကြောင်းတွေ ထိုးတာတို့၊ လက်နက်ကြီးနဲ့ ပစ်တာတို့၊ အရပ်သားတွေ ဖမ်းဆီးတာတို့ အဲဒါတွေ လုပ်နေတယ်ဗျ။ လူဦးရေက ခန့်မှန်းလို့ကို မရဘူး။ အခုက ဒီရက်ပိုင်းထဲမှာ ဖမ်းဆီးခံရတာ ၇၀ လောက်တော့ရှိတယ်။ ဒီနေ့တောင်မှ ၄၀ - ၅၀ လောက်ပါတယ်။"

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာလည်း အခုရက်ပိုင်းထဲ စစ်ကောင်စီတပ်သားတွေ မြို့ပေါ်နဲ့ ရွာတွေထဲမှာ ဝင်ရောက်လာတာရှိပြီး၊ ဒေသခံတချို့ ဖမ်းဆီးခံရတာလည်း ရှိတယ်လို့ နယ်ခံတွေက ပြောပါတယ်။ မေလ ၉ ရက်နေ့ကစပြီး ရေဖြူမြို့နယ်၊ နဘုလယ် ရေနက်ဆိပ်ကမ်း လမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ မေလ ၁၄ ရက်နေ့မှာလည်း ထိတွေ့တိုက်ပွဲတွေကြောင့် နီးစပ်ရာ ရွာတွေထဲက ဒေသခံတွေ ဘေးလွတ်ရာဆီ ထွက်ပြေးရတာမျိုးလည်း ကြုံခဲ့ရတယ်လို့ ရွာခံတဦးက ပြောပါတယ်။

"ကျနော်တို့ ရွာတွေကတော့ အကုန်လုံးပြေးရတာပဲ။ သူတို့ပြန်သွားပြီဆိုမှ ကျနော်တို့က ပြန်ဝင်လာတာ။ ဒီလ ၁၆ ရက်နေ့အထိ တိုက်ပွဲဖြစ်တယ်၊ လေယာဉ်နဲ့ပစ်တယ်။ လေယာဉ်နဲ့ပစ်တော့ ကျနော်တို့တော့ ပြေးတာပဲ။ အခုရက်ပိုင်းတော့ နည်းနည်းပြန်အေးနေတယ်။"

မေလ ၁၆ ရက်နောက်ပိုင်းကစပြီး တိုက်ပွဲအခြေအနေ ငြိမ်သက်နေပေမယ့် မြို့ပေါ်နဲ့ ရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာရှိသလို၊ ရေနက်ဆိပ်ကမ်းဘက်ကနေ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က တနင်္သာရီတိုင်းထဲက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တဲ့နေရာတွေနဲ့ အဲဒီအနီးဝန်းကျင်မှာ အင်အားပိုချထားသလို၊ ဖမ်းဆီး စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဒေသတွေက တိုက်ပွဲအခြေနေ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG