သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူးမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွား


တမူး PDF
တမူး PDF

စစ်ကိုင်းတိုင်း တမူးမြို့နယ်က ပန်းသာရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် PDF တွေအကြား ဒီလ ၁၅ရက်ကစ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့အထိ လေကြောင်းက ၆ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း တမူးဒေသခံတွေက ပြောပါတယ်။ ဒီလို တိုက်ပွဲပြင်းထန်နေတာဟာ ပန်းသာရွာရှိ စစ်ကောင်စီ တပ်စခန်းကို PDF တပ်ဖွဲ့တွေက ဝိုင်းရံ ပိတ်ဆို့ထားတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က တင်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းနဲ့ ကပ်နေတဲ့ ပန်းသာရွာက စစ်ကောင်စီတပ်စခန်းကို ဒီလ ၁၅ရက်နေ့က ဒေသခံ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့နောက် တိုက်ပွဲတွေက ဒီကနေ့ထိ ပြင်းထန်နေတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“၁၅ရက်ကနေစပြီး ဒီနေ့ထိ ဖြစ်တယ်။ အခုလည်း တိုက်လေယာဉ်လာပြန်ပြီ။ နေ့လည်ကလည်း လာတယ်။ အခုလည်း နောက်ထပ်တကြိမ်၊ ဒီနေ့ကို ၂ကြိမ်လာနေပြီ။ အဲဒါဆိုတော့ လေယာဉ်က ၁၅ရက်နေ့ တကြိမ်။ ၁၇ရက်နေ့၊ ၁၈ရက်နေ့ ၊ ၁၉ရက်နေ့ တကြိမ်။ နောက် ၂၀ရက်နေ့ နေ့လည် တကြိမ်၊ ၅ကြိမ်၊ အခု ထပ်လာပြန်ပြီဆိုတော့ လေယာဉ်နဲ့ကိုက ၅ကြိမ်၊ ၆ကြိမ်လောက်ရှိတော့မှာ။”

ဒီလို လေကြောင်းက နေ့စဉ်ဆိုသလို တိုက်ခိုက်နေတာဟာ ပန်းသာရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒေသခံ PDF တပ်ဖွဲ့တွေက ဝိုင်းရံပိတ်ဆို့ထားတာကြောင့်လို့လည်း ဆက်ပြောပါတယ်။

“အဓိကကတော့ ပန်းသာကို ဦးတည်တာပေါ့နော်။ ပန်းသာကို ဦးတည်တာက ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပန်းသာကို ဝိုင်းထားတာမျိုး ဖြစ်သွားတာလေ။ အဲဒါဆိုတော့ အဲဒီမှာ ပိတ်မိနေသလို ဖြစ်သွားတာပေါ့။ ပန်းသာက။ အဲဒါကြောင့်မို့ သူတို့က သူတို့ လူတွေ ပိတ်မိနေတဲ့ဟာကို စစ်ကူဘာညာ အဝင်အထွက် နည်းနည်းခက်သွားပြီပေါ့ဗျာ။ အဲဒါ ကျသွားမှာကို သူတို့က တအားစိုးရိမ်တာပေါ့။”

ပန်းသာရွာမှာ အရင်က ရဲစခန်းသာရှိခဲ့တာပါ။ လောလောဆည်မှာတော့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးပူးပေါင်းထားတဲ့အဖွဲ့ဟာ စာသင်ကျောင်းမှာ စခန်းချနေရာယူထားကြောင်းလည်း ပြောပါတယ်။

အခြားဒေသခံတစ်ဦးကတော့ ၁၉ရက်နေ့နေ့ခင်းက လူနဲ့ ရိက္ခာတွေ လေကြောင်းက ချပေးတာရှိသလို ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာရှိခဲ့ကြောင်း အခုလို ပြောပါတယ်။

“မနေ့ကပေါ့နော်။ ၁၁နာရီခွဲလောက်မှာ လေထီးနဲ့ လူတွေ ချတယ်။ ရိက္ခာတွေ ချတယ်။ ၄နာရီခွဲလောက်ကျတော့ လက်နက်ကြီးနဲ့ ဟတ်စကီးနဲ့ လာပစ်တယ်။ ၁၅ရက်နေ့ မနက် ၅နာရီက စဖြစ်တာဗျ။ အဲဒီမှာ ကလေးတွေက တရွာလုံးကို စီးထားတာပေါ့နော်။ စီးထားပြီးတော့မှ ပျူစောထီးတွေနဲ့ စစ်သား ၃၊ ၄ ယောက်လောက်က စာသင်ကျောင်း ကတုတ်ကျင်းထဲမှာပဲ ပိတ်မိနေတာ။ ဝိုင်းထားတဲ့အချိန်မှာ ခုနက ပြောတဲ့ လေထီးနဲ့ စစ်သားတွေ လာချတယ်။ ရိက္ခာတွေ ချတယ်။ ချပြီးမှ ဟတ်စကီးနဲ့လာပြီးတော့ ပစ်တယ်။”

မနေ့က လာချတဲ့ ရိက္ခာနဲ့ ခဲယမ်းအထုပ်တွေဟာ ပန်းသာနဲ့ အင်တိုင်းရွာအနီးမှာ ကျရောက်ပြီး ဒါကို ဒီနေ့မနက် စစ်ကောင်စီတပ်ဘက်က လာရောက်ကောက်ယူစဉ်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ဒီမနက် တိုက်ပွဲမှာ စစ်ကောင်စီပူးပေါင်းတပ်ဘက်က ၈ယောက်ကျဆုံးကြောင်း ပြောဆိုတာ ရှိပေမဲ့ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်မှာ ဒေသခံ ရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြောင်းနဲ့ အရပ်သားတွေ ထိခိုက် သေဆုံးတာ မကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

၁၅ရက်နေ့ မနက် ဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ ဒေသခံ PDF တပ်တွေက ပန်းသာတပ်စခန်းကို သိမ်းယူပြီး စစ်သားတယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းကွန်ရက်တွေမှာ ဖော်ပြပါတယ်။

ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ပန်းသာရွာဟာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အဓိကျတဲ့ တမူးမြို့နဲ့ ၇မိုင်အကွာ ကလေး တမူး ကားလမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG