သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေး-ထားဝယ်ကားလမ်း ဒေသခံတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ဖို့ကြိုးစား


မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ကြတဲ့ KNLA / PDF ပူးပေါင်းတပ်ဖွဲ့ (Courtesy: KNLA/PDF)
မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ကြတဲ့ KNLA / PDF ပူးပေါင်းတပ်ဖွဲ့ (Courtesy: KNLA/PDF)

စစ်ကောင်စီနဲ့အပြိုင် နယ်မြေစိုးမိုးရေးအတွက် မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ကားလမ်း တလျှောက်မှာ ဒေသခံတော်လှန်ရေး အင်အားစုတွေက အသွားအလာယာဉ်တွေကို စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို ရှာဖွေစစ်ဆေးတာကနေ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီအဖွဲ့ဝင် တချို့ကို ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်းအပြည့်အစုံကို မသိင်္ဂီထိုက် ပြောပြမှာပါ။


မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေကြတဲ့ မော်တော်ယာဉ်တွေအနေနဲ့ တားဆီးစစ်ဆေးတာကို ရပ်တန့်ပြီး အစစ်ဆေးခံကြဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က ပြီးခဲ့တဲ့ ဇွန်လအလယ်လောက်မှာ ကတည်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီ အမှတ် ၈ လမ်းပိုင်းမှာ ဒေသခံတော်လှန်ရေး အဖွဲ့တွေအနေနဲ့ မကြာခဏဆိုသလို တားဆီးစစ်ဆေးတာတွေ ရှိနေပြီး၊ အထူးသဖြင့် ခရီးသည်တင်ယာဉ်တွေကို ပိုပြီး စစ်ဆေးတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။ လမ်းပေါ်မှာ တားဆီးစစ်ဆေးတဲ့ အဖွဲ့ဝင်ဦးရေက ၂၀ ဝန်းကျင်လောက် ရှိတယ်လို့ ရေးဒေသခံတဦးက ပြောပါတယ်။

"စစ်ဆေးရင် အနည်းဆုံးတော့ ဘယ်သွားမှာလဲ။ ဘယ်က လာလဲ။ ဘယ်ကို သွားမှာလဲ အဲလောက်ပဲ မေးတယ်။ အဓိကတော့ ခရီးသည်တင် Express တို့ ဘာတို့ဆို နည်းနည်းကြာတယ်လို့တော့ ပြောတာပေါ့နော်။ ကားပေါ်အထိ တက်စစ်တာပေါ့။ ကျနော်တို့ ဒီခရီးသွားတွေကနေ တဆင့် ပြန်ကြားရတာပေါ့။ အိမ်စီးကားတွေဆိုရင်လည်း အဲလိုမျိုး မေးတာပေါ့။ မသင်္ကာတဲ့ ကားတွေဆိုရင်တော့ ရှာတယ်။ စစ်ဆေးတဲ့အဖွဲ့တွေက လမ်းမပေါ်မှာဆို အယောက် ၂၀ လောက် ထွက်နေတာပေါ့။ တခါတလေ လမ်းကြောင်းမှာလည်း ဆုံတာရှိတယ်။ သူတို့လမ်းလျှောက်ပြီး သွားတာတင် ရာဂဏန်းလောက်ရှိတယ်။"

KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အမှတ် ၈ ကားလမ်းပေါ်မှာ စစ်ဆေးတာကနေတဆင့် စစ်ကောင်စီအဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့တုန်းက ခရီးသည်တင်ယာဉ်ပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကိုတွေ့ရှိခဲ့လို့ ထိန်းသိမ်းထားပြီး စစ်ဆေးတာတွေ ဆက်ပြီး လုပ်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ က သတင်းထုတ်ပြန်ထားပါတယ်။

ထားဝယ်-ရန်ကုန် အမှတ် ၈ ကားလမ်းမပေါ်မှာလည်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF နဲ့ ဒေသခံ ပကဖ အဖွဲ့တွေ ပူးပေါင်းပြီး ခရီးသွားလာသူတွေကို စစ်ဆေးတာတွေ ဒီရက်ပိုင်း လုပ်ဆောင်ခဲ့ပါတယ်။ အခုလို လုပ်ဆောင်တာက နယ်မြေစိုးမိုးရေးအတွက် ခြေလှမ်း စတင်တာဖြစ်တယ်လို့ TPLF အဖွဲ့ကပြောပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ဒေသခံ ပကဖ အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား အပြန်အလှန်စစ်ရေး တင်းမာမှုတွေ ရှိနေပြီး၊ စစ်ကောင်စီဘက်ကလည်း မြို့တွင်းလုံခြုံရေးပိုင်းကို ပုံမှန် စစ်ဆေးနေတယ်လို့ လောင်းလုံးပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

"ဟိုတလောက ထွက်ပြေးသွားတဲ့ကိစ္စ တောနင်း အင်အားသုံးပြီး ရှာဖွေတာတွေတော့ လုပ်နေတယ်ခင်ဗျ။ ရေတပ်ကနေပြီးတော့ ထွက်ပြေးသွားတဲ့ ကိစ္စလေ။ ထွက်ပြေးတဲ့နေရာ အနီးတဝိုက်ကတော့ တော်တော်လေးကို အင်အားသုံးပြီးတော့ ရှာဖွေတာတွေ လုပ်တာပေါ့။ မြို့တွင်းထဲမှာတော့ ပုံမှန်ပဲ။ မြို့တွင်းကတော့ ပုံမှန် လည်ပတ်နေတာပဲ။ လုံခြုံရေးလှည့် စစ်ဆေးနေတာလည်း ပုံမှန် အတိုင်းပဲ။"

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက စစ်ကောင်စီ ရေတပ်အဖွဲ့ဝင် ၃၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့တုန်းက ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေအနေနဲ့တော့ သီးခြား အတည်မပြုနိုင် သေးပါဘူး။ ထားဝယ်ခရိုင်မှာ စစ်ကောင်စီက မြို့တွင်းထဲနဲ့ ရေလမ်းကြောင်း ရှာဖွေစစ်ဆေးတာတွေကို ပိုအားကောင်းကောင်း လုပ်နိုင်ပေမဲ့၊ တောလမ်းနဲ့နီးစပ်တဲ့ ကားလမ်းမပိုင်း တချို့မှာတော့ ဒေသခံ ပကဖ အဖွဲ့တွေရဲ့အင်အားက ပိုကောင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်-ထားဝယ် အမှတ် ၈ ကားလမ်းမ တနေရာမှာ အိမ်စီးကားတစီးကို ရှာဖွေစစ်ဆေးရင်း ပြည်သူတွေနဲ့အတူ အသွင်ယူလိုက်ပါလာတဲ့ ရဲတပ်ကြပ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF က ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၂ ရက်၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မလွှဲတောင် စုပေါင်းစစ်ဆေးရေးဂိတ်ကနေ ရေဖြူမြို့မရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးကို ဖမ်းဆီးရမိပြီး၊ စစ်ဆေးနေချိန်မှာ ပြန်လည်ခုခံလို့ ပစ်ခတ်ဖမ်းဆီးရင်း အဲဒီတပ်ကြပ်ကြီး သေဆုံးသွားတယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG