သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီမှာ ဗြိတိန်ရဲ့ တင်ပြဆွေးနွေးမှု


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ လူအခွင့်အရေးကောင်စီရှေ့က ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး Rita French
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ လူအခွင့်အရေးကောင်စီရှေ့က ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး Rita French

သန်းပေါင်းများစွာသော မြန်မာပြည်သူတွေ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ ဆင်းရဲဒုက္ခခံစားနေကြရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ဆိုးရွားလာခဲ့တယ်လို့ ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး Rita French က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၅၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံမှာ ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ လေကြောင်းက တိုက်ခိုက်မှုတွေအပြင်၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မ ကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတွေ အရပ်သားတွေအပေါ် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း လူသားချင်းစာမှုအကူအညီလိုအပ်နေသူ ၁၇ သန်းခွဲကျော် ရှိနေပြီး အဲဒီအထဲက ၂ သန်းနီးပါးဟာ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေပါဝင်ပြီး အများစုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ခိုင်လုံတဲ့သတင်းအချက်အလက်တွေအရ ကလေးငယ်တွေအပါအဝင် ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း ဖမ်းဆီးခံထားရပြီး ညှဉ်းပန်းနှိပ်စက်တာအပြင် တချို့ဆို အသက်ပါ ဆုံးရှုံးခဲ့ရတယ်လို့လည်း သံအမတ်ကြီး Rita French က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား ၁၀,၀၀၀ ကျော်လည်း ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆိုင်ကလုန်း မိုခါဒဏ်သင့်ခဲ့သူတွေကို အကူအညီပေးမယ့်အစီအစဉ်ကို စစ်ကောင်စီက ဟန့်တားထားတယ်လို့ ကြားသိရတဲ့အတွက် အထူးစိုးရိမ်ပူပန်ကြောင်းလည်း သံအမတ်ကြီး French က ထည့်သွင်းပြောကြားပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေကို တုန့်ပြန်တဲ့အနေနဲ့ ဗြိတိန်က ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာတွေအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ နည်းလမ်းပေါင်းစုံနဲ့ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သူတွေကို အရေးယူခြင်းမရှိတဲ့ လုပ်ရပ် အဆုံးသတ်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံအတွင်းက ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းရေးယန္တယားအဖွဲ့” IIMM ကို ဗြိတိန်က ပေါင်စတာလင် ၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်းလည်း သံအမတ်ကြီး Rita French က ပြောပါတယ်။ ဒီထက်ပိုပြီး နိုင်ငံတကာအသိုင်းဝိုင်းက ဘာတွေများ လုပ်ဆောင်ပေးလို့ ရနိုင်ပါဦးမလဲ ဆိုတာကိုလည်း သံအမတ်ကြီး Rita French က အဆုံးသတ်မှာ ထည့်သွင်းမေးမြန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG